ဂန္တ၀င်ခေတ်နဲ့ ရောမန်တစ်ခေတ် စပ်ကြားက ကဗျာဆရာလို့ အဆိုပြုကြတဲ့
ဝီလျံဘလိတ် (၁၇၅၇-၁၈၂၇) ဟာ ငယ်စဉ်ကတည်းက 'အမြင်ရတယ်' လို့
နာမည်ကြီးခဲ့သူဖြစ်တယ်။ တမန်တော်ကို လယ်ကွက်ထဲမှာ မြင်ခဲ့ရဆိုသလို၊
အနာဂတ် အကြောင်း ပြောနိုင်ဆိုနိုင်သလို ပြောကြတယ်။ စိတ်ကူးယဉ်လွန်းတာလား
တော့မသိဖူး။ ကဗျာကိုလဲ ၁၂ သားကတည်းက စ စပ်ခဲ့တာပဲ။
သူ့ခမျာ မရှိဆင်းရဲသား မိဖကမွေးခဲ့သူဖြစ်တော့ ကျောင်းပညာကို
ကောင်းကောင်းမသင်ခဲ့ရဖူး။ ဖခင်လုပ် သူက လက်ထွင်းဘလောက်ဆရာ တဦးထံ အလုပ်သင်အဖြစ်အပ်ခဲ့တယ်။
ဒီဘလောက်ပညာနဲ့ပဲဘလိတ် အသက် မွေးခြင်း ပြုခဲ့ပါတယ်။ ပန်းချီကားတွေကိုလဲ
ရေးခဲ့သေးရဲ့။ သူ့ကဗျာစာအုပ်တွေကို သူကိုယ်တိုင် သူ့မိန်မအကူ အညီနဲ့ တရွက်ချင်းရိုက်ခဲ့တာဖြစ်တယ်။
သူကကြေးနီပြားပေါ် စာကိုခြစ်ရေး၊ ဘေးကသရုပ်ဖေါ်ပုံတွေဆွဲ၊ ပီး
မင်ဆွတ်ပီးတရွက်ချင်းနှိပ်။ အဲဒီတုန်း ကတော့လူတွေက သူ့ကဗျာကိုလဲ
မကြိုက်ကြသေးဖူးဆိုတော့ သူ့စာအုပ်တွေလဲ မလောက်လေးမလောက်
စားပေါ့။ နောင်မှာတော့ ဘလိတ်လက်နဲ့ ထွင်းထုရိုက်နှိပ်ခဲ့တဲ့ စာအုပ်တွေဟာ
အစုအဆောင်း ၀ါသနာရှင် တို့အဖို့ အဖိုးအနဂ္ဃ တန် ပစ္စည်းတွေဖြစ်လာတော့တယ်။
ဘလိတ်ဟာကျောင်းပညာ ကောင်းစွာမသင်ရဖဲကိုယ့်ဖာသာ လေ့လာခဲ့ရသူဆိုတော့
သူ့အတွေးအခေါ် တွေဟာ ခလေးဆန်ပြီး ထိုးထိုးထွင်းထွင်းရှိလှတယ်။ သူတွေးတာမျိုး
ဘယ်သူမှမတွေးဖူးသေးဘူးလို့ သူ ပြောလေ့ရှိတယ်။
သရုပ်မှန်လွန်းအားကြီးလို့ ဟုတ်မှဟုတ်ရဲ့လား ထင်ရတာလဲရှိတယ်။ ဘလိတ်ဟာ
လောကကြီးနဲ့ လိုက်လျောညီထွေ မနေတတ်ဖူး။ ဂွကျတတ လူလို့ ဝေဖန်ခံရတယ်။
သူပုန်ပါပဲ။
၁၇၇၅ အမေရိကန် တော်လှန်ရေးကနေ ၁၇၉၆ နပိုလီယန် ခေတ်ထလာချိန်ထိ
ဘလိတ်ဟာ ပြောင်တင်း တင်း သူပုန်ပဲလုပ်နေခဲ့တယ်။ တော်လှန်ရေးနှစ်ခုစလုံးကိုပဲ
သူကထောက်ခံတယ်။ ဘုရင်နဲ့အုပ်စိုးသူတွေ ကို ရှုတ်ချခဲ့တယ်။ ဒါကိုစောစောပိုင်းက
သူ့အနာဂတ်ဟော ကဗျာများမှာတွေ့နိုင်သလို သူ့လိရစ်ကဗျာအ များစုမှာလဲ တွေ့နိုင်တယ်။
ပြင်သစ်တော်လှန်ရေး အတွက် မျှော်လင့်ချက်အကြီးအကျယ်ထားစဉ်
၁၇၈၉ ကရေးတဲ့ 'အပြစ်မဲ့မှုတေး များ' နဲ့ ပြင်သစ်နဲ့ အင်္ဂလန် စစ်ဖြစ်စဉ်
၁၇၉၄ မှာရေးခဲ့တဲ့ 'ခံစားမှုတေးများ' ကွာခြားပုံကို လေ့လာကြည့်ရင် တွေ့ပါလိမ့်
မယ်။ ပြင်သစ် အင်္ဂလိပ် စစ်ဖြစ်လာတော့ သူ့အယူအဆကြောင့် ဘလိတ်မှာ နေရေးထိုင်ရေး
ဂွကျကုန်ရတယ်။ ၁၇၉၇ စီးပွားပျက်ကပ် ကြောင့်လဲ အလုပ်အကိုင်မဖြစ်ဖဲရှိရတယ်။
နပိုလီယန်က တော်လှန်ရေးကို အာဏာရှင်ခေတ်ဆိုးအဖြစ်
ပြောင်ပစ်လိုက်တဲ့အခါ ကျတော့ ဘလိတ်ဟာ နိုင်ငံရေးကို စိတ်ပျက်လာခဲ့တော့တယ်။ ဒါပေမဲ့
၁၈၀၃ မှာ စစ်သားတယောက်နဲ့ ငြင်းယင်းခုန် ယင်း သူ့ခမျာအစိုးရ
အကြည်ညိုပျက်အောင် ပြောဟောမှုနဲ့ တရားစွဲခံရသေးတယ်။ အမှုက လွတ်ခဲ့ရပေ မယ့်သူအတော်
'ဖြုံ' သွားတယ်။ ၁၇၉၆ က ၁၈၀၀ အတွင်းသူ့ကဗျာတွေဟာ နိုင်ငံရေးမှိန်လာတယ်။
ခရစ်ယန်သမ္မာကျမ်းစာ ပိုဆံလာတယ်။ လူလဲ ပိုဆင်းရဲလာတော့
လူ့လောကကောင်းစားရေး ဆိုတာ ဟုတ်မှ ဟုတ်ပါ့မလား ဆိုတဲ့
သံသယမျိုးဝင်လာပါလေရော။ဒါပေမယ့် ဘာသာရေးမှာတောင် ဘလိတ်ဟာ သူပုန်ပါပဲ။ သူက
ယေရှုခရစ်ကို ကောင်းမှုတရားရဲ့ သင်္ကေတ၊ ထာဝရဘုရားကို အာဏာရှင်၊ နှိပ်စက်သူ။
ခရစ်က လူသား၊ ထာဝရဘုရားက နိုင်ငံနဲ့အာဏာ၊ အဲသလိုမြင်တယ်။
သူက နိုင်ငံနဲ့အာဏာကိုဆန့် ကျင်ဖက်က လူအဖြစ် ရပ်တည်တယ်။
ဒီအကြောင်းကို သူ့ရဲ့ 'ထာဝရ ခရစ် ၀င်ကျမ်း' နဲ့ အခြားစာများမှာ ဖတ်နိုင်တယ်။
စက်မှုတော်လှန်ရေးဟာ ဘလိတ်ရဲ့ဘ၀ကို ထိပါးရိုက်ခတ် ခဲ့တယ်။ သူ့လက်ထွင်း
ဘလောက်အလုပ်ပျက်ခဲ့ရတယ်။ ဒါကို ဘလိတ်က သူ့ကဗျာတွေမှာထည့်ရေး တယ်။ ကဗျာဟာ
သူ့အဖို့ ထွက်ပြေးနားခိုရာမဟုတ်ဖဲနဲ့ နေ့စဉ်ဘ၀ကိုတောင် ချဲ့ဆက် လက်ရာပဲ
ဖြစ်ခဲ့ တယ်။
စိတ်ကူးမှု ကဗျာဆရာတွေက သူတို့ဟာ ထာဝရတည်တံ့တဲ့ လူ့ယေဘုယျအတွေ့အကြုံ
ခံစားမှုများ ရဲ့ အသံ ၀ါ၊ သင်္ကေတရယ်လို့ ဆိုလေ့ရှိတယ်။ ဘလိတ်ကလဲ ဒါကိုယုံတယ်။
သူ့ခေတ် အတွေ့အကြုံက အချစ်၊ အလှအပ၊ အမှန်တရား၊ ရမက်လောက်နဲ့တင်
မပီးဖူး။ စစ်၊ ဖိနှိပ်မှု၊ ဆင်းရဲမှု၊ ကြောက်လန့်မှု၊ မတရားမှု၊ ခွင့်ရေးမညီညာမှု
စတဲ့လူမှုဒုက္ခတွေ ပြွန်းနေတယ်။
ဒါတွေမှာ ဘလိတ်က လူသားမျှော်ခေါ်ချက်ကို မြင်ပီးစိတ်ခွန်အား
ထည့်ပေးလိုက်တော့ သူ့ကဗျာဟာ ကနေ့ခေတ် အထိ
အသက်ဝင်ပီပြင်နေတယ်၊ မှတ်တိုင်တတိုင် ဖြစ်ခဲ့တယ်။ ဒီလက်ရွေးစင်မှာတော့
လီရစ်ကဗျာ အချို့ကိုသာ ဖော်ပြနိုင်ပါတယ်။
***ညနေကြယ်သို့***
ဆံပင်လှပသူ အသင်
ညနေခင်း တမန်နတ်၊
နေဟာ တောင်တန်းတိ့
အပေါ် နားခိုချိန် ခုခါမှာသင်ရဲ့
တောက်ပတဲ့ မေတ္တာမီး
ရှူးကိုထွန်းညှိပါဖိ။ ထိန်ညီးတဲ့မကိုဋ်ကို
ဆောင်းပါဖိ။
ငါတို့ရဲ့ ညနေခင်းစက်ရာပေါ် ပြုံးပါဖိ။
ငါတို့ရဲ့
ချစ်ခြင်းများအပေါ် ပြုံးပါဖိ။ ကောင်းကင်ရဲ့ ကန့်လန်ကာ
ပြာပြာများကို
သင်ဆွဲလိုက်တော့၊ အချိန်သင့် အိပ်ပျော်ကာ
မျက်လုံးလှလှလေးများ
မှိတ်ကုန်ကြတဲ့ ပန်းပွင့် အသီးသီးအပေါ်
သင့်ငွေနှင်းမှုန်ကို
ကြဲပါဖိ။ သင့်ရဲ့ အနောက်လေကို အိုင်ပေါ်မှာ
အိပ်ပါစေလေ။
ငြိမ်ဆိတ်ခြင်းကို သင့်မျက်လုံးလက်လက်များနဲ့ စကားဆိုပါ။
ဆည်းဆာကို ငွေရောင်နဲ့ဆေးလိုက်ပါ။
မြန်စွာ၊ သိပ်မြန်စွာ
သင်ဖဲခွါတော့တယ်။
အဲ့ဒီခါဝံပုလွေက ဒေါမာန်ထန်တော့ကာ
ခြင်္သေ့ကညိုမဲမဲ
တောအုပ်ထဲ ပြူးကြည့်နေလေတော့တယ်။
ငါတို့
သိုးအုပ်များရဲ့ အမွှေးများဟာ သင့်နှင်းရည်မွန်နဲ့
လွှမ်းထားပါတယ်။
သင့်အရှိန်အ၀ါနဲ့ စောက်ရှောက်လိုက်ပါဖိ။
'ကဗျာပုံကြမ်းများ' မှ
'ညနေကြယ်' (Evening Star) ဆိုတာ ဗမာလို သောကြာကြယ်ပေါ့။ ဘလိတ်က
ဒီကြယ်ထံ တိုင်တည်နေ ဟန် ကဗျာရေးဖွဲ့ထားတယ်။ ကြယ်ရဲ့ရောင်ခြည်မျှင်တွေကို
ဆံပင်နဲ့တင်စားထားတယ်။ သူ့ရဲ့အလင်းကိုပဲ မီးရှူးလို၊ မကိုဋ်လို ဆိုပြန်တယ်။
မီးရှူးမှ မေတ္တာမီးရှူး။ ဒီမေတ္တာအပြည့်ပါတဲ့ မီးရှူးရှင် သောကြာကြယ်က
လင်းပြတာကိုပဲ လူသားတို့အပေါ်ပြုံးပြသလို ရေးဖွဲ့ထားတယ်။
လူသားတို့ရဲ့ ချစ်ခြင်းမေတ္တာဆိုတာတွေကို ပြုံးတာလှောင်တာတဲ့လေ။
(သောကြာကြယ် 'ဝေနု' ဟာ ခေါမ တို့အယူအဆအရ မေတ္တာနတ်သမီး ဖြစ်တယ်။ ကောင်းကင်ရဲ့
ကန့်လန့်ကာပြာပြာတို့ကို ဆွဲတယ်ဆိုတာ ကတော့ ကြယ်ရောင်ကြောင့် ကောင်းကင်က
အပြာတွေ လွင့်စင်ပီး လင်းလာရတာကို တင်စားတာပါ။ လူဆိုတာ အိပ်ချိန်ကျလဲ အိပ်ချင်မှ
အိပ်တယ်။
ပန်လေးတွေကတော့ အချိန်မှန်တယ် အချိန်ကျရင် မျက်လုံးလှလှလေးတွေ
မှိတ်ကုန်ကြတာပဲ။ အဲပန်း လေးတွေ အပေါ်ကို ဆီးနှင်းဖြူဖြူလေးတွေ ကြဲချပေးပါတဲ့
အနောက်လေဆိုတာ ကြမ်းကြမ်းတိုက်တဲ့အ နောက်လေလဲရှိ၊ နုနုတိုက်တဲ့
လေပြေလေညင်းလဲရှိရဲ့။ ဘယ်သင်းပဲ ဖြစ်ဖြစ် ကြည်မြငြိမ်ဆိမ်တဲ့ ရေအိုင် ပေါ်မှာ
လှုပ်ရွဆော့ မစား စေချင်ဖူး၊ အိပ်ပေါ်သလိုငြိမ်ကျလို့ နေစေချင်တယ်။
အဲသလိုငြိမ်နေတဲ့ အငြိမ်ကိုမှ လူလို သဘောထားပီး သောကြာကြယ်က
မျက်လုံးလေးနဲ့ စကားပြောနေ ပါတဲ့။ ဆည်းဆာအမှောင်ကိုလဲ ငွေရောင်ကြယ်အလင်းနဲ့
ပက်ဖြန်းသွန်းလောင်း ပေးပါတဲ့။ ဒါပေမဲ့ အားလုံး သိကြတဲ့အတိုင်း သောကြာကြယ်ဟာ
ကြာကြားမနေတတ်ဖူး။ ညနေစောင်းလေးမှာပဲ သူ့ကိုတွေ့ရတတ် တယ်။ တော်ကြာ
သူကွယ်ဝင်သွားတာပဲ။
အဲသလိုအရောင်ပေးမဲ့ ကြယ်လဲမရှိ၊ ညကလဲ နက်လာတဲ့အခါမျိုးမှာ
တောသတ္တ၀ါတို့ဟာ ခေါင်းပြူစပြု လာတော့မယ်။ သားကောင်ကို ဖွေရှာတော့မယ်။
ဒေါတွေထန်၊ မျက်လုံးတွေပြူးကြည့်ကုန် ကြပီ။ ငါတို့သိုး ကလေး တွေကိုများ
လာဆွဲမှဖြင့် ခုချိန်မှာသောကြာကြယ် မရှိတော့ဖူး။ ဒါပေမယ့် သူရှိစဉ်ကကျတဲ့နှင်း ရည်ကတော့
သိုးတွေပေါ် ရွှဲစိုတုန်းပဲ။
စာဆိုက သောကြာကြယ်ကိုပဲ တန်းခိုးတော်ရှင် တဦးလိုတိုင်တည်လိုက်တယ်။
သင်မရှိပေမယ့် သင့်ပရိတ် ရည်မွှန်း ထားတဲ့ သိုးကလေးတွေကို သားရဲဘေးမှ
ကာကွယ်လိုက်ပါတဲ့။ ဒီနေရာမှာ တကယ့်သိုးတွေကိုပဲ ပြောတာလား၊ လူ ကိုပဲ
သင်္ကေတပြုပြီး သိုးရယ်လို့ဆိုလေသလား ဆိုတာတော့ ကြိုက်သလိုတွေးခေါ် ယူပါ။
ဘလိတ်ဟာ သင်္ကေတ သမားဖြစ်တယ်၊ တန်ခိုးတွေ၊ ဘာတွေ ယုံတဲ့ ဂမ္ဘီရ၀ါဒီလဲဖြစ်တယ်
ဆိုတာ မမေ့နဲ့။
မူရင်းကဗျာကို ကာရန်မပါ၊ ရစ်သမ်နဲ့ပဲ ရေးထားတယ်။ ဒါပေမယ့်
အသံယူပုံကောင်းလွန်းလို့ ကာရန်မပါ တာကို မေ့ပျောက်သွားပြီး သူ့ဂီတသံမှာ
မျောသွားရတယ်။ အကောင်းဆုံးအင်္ဂလိပ် လိရစ်ကဗျာထဲမှာ တပုဒ်အပါအ၀င် ဖြစ်တယ်လို့
အဆိုရှိတယ်။
'ငြိမ် ဆိတ်ခြင်းကို သင့်မျက်လုံးလင်းလက်လက်များနဲ့
စကားဆိုပါ၊ ဆည်းဆာကို ငွေရောင်နဲ့ ဆေးလိုက်ပါ' ဆိုတဲ့ အလင်္ကာဟာ အသံမဲ့
အရာကိုအသံမြည်လာအောင် လုပ်နိုင်စွမ်းရုံ မကဖူး၊ အာရုံခံစားမှုအားလုံးကို တခုထဲဖြစ်
လာအောင် ကြည်နူးစဖွယ် ရောမွှေလိုက်ခြင်းလဲ ဖြစ်တယ်။ လူတိုင်းပဲ တဘ၀မှာတကြိမ်
ခံစား ကြုံတွေ့ဖူးမဲ့ စိတ် ကူးအတွေ့အကြုံတခုလဲ ဖြစ်တယ်။
No comments:
Post a Comment