Tuesday, February 9, 2010

ကြခတ်ရဲ့ ၀ါးပန်း






ဝါးပန်း
ကြခတ်(ရင်း-၈)

ညတွေရဲ့ ဒုက္ခသည်စခန်း
ညတွေရဲ့ တောင်ယာတန်း
ညတွေရဲ့ ပိုင်ရှင်မဲ့တဲ့အိမ်ရာပျက်။

ကလေးတို့ရယ်
အဲဒီညတွေမှာမှ
မင်းတို့ဖူးပွင့်ရတယ်လို့
မိုးခေါင်ရေရှား မြေဆီပါးတဲ့
ဒီအရပ်မှာ
မျိုးစေ့ချခွင့်ဆိုတာ အခွင့်ထူးခံပါ။ 

မိစ္ဆာရင်ခွဲခန်းဟာ
လက်တကမ်းမှာသာဆိုရင်
အသွေးအသားတွေ မှုန့်ညက်သွားပါစေကွဲ့ ။
ညတွေရဲ့အလွမ်း
ညတွေရဲ့ ရွာအဝင်
ညတွေရဲ့ ထုံးဖွေးဖွေးစေတီလေး
ကလေးတို့ရယ်
အဲဒီညတွေသာ မင်းတို့ရသင့်တာ။
ဝါးကြမ်းကာ အင်ဖက်မိုး
ရေနွေးကြမ်းအိုး၊ ထန်းလျက်ဖိုးတောင်မရှိ
သင်တိုင်းသူလေး သင်တိုင်းဝတ်ပြီး
ရိုးရာပွဲမနွဲနိုင်တဲ့ခေတ်
တဖြည်းဖြည်းတောင်ယာတွေပြုန်းလို့
ကလေးတို့ရယ်
ငါ့ညတွေမှာ ဝါးတွေခဏခဏငိုတယ်။

ကြခတ် (ရင်း - ၈) 
သည်ကဗျာကို
ဒီ
  နေရာမှကူယူဖေါ်ပြပါတယ် ။ ။

No comments:

Post a Comment