Sunday, February 7, 2010

ဒေါနတောင်တန်း သောင်းရင်းကမ်းနဲ့ ကျောင်းသာသူပုန်










 


“တပ်စိတ် ၃ ရှေ့တန်းထွက်ဖို့ ပြင်ထား”

တပ်ခွဲမှုးက တပ်စိတ်မူးကို ပြောလိုက်တဲ့အသံကို ကျနော်ပုခက်ထဲက ကြားလိုက်ရပါတယ်။ ကျနော်စိတ်ထဲ မှာ ရှေ့တန်းထွက်ရချည် သေးရဲ့လို့ ပီတိဖြစ်လို့ပေါ့….

ကျနော်တို့ရဲ့ နောက်တန်းစခန်းလို့ပြောလို့ရတဲ့ နေရာကတော့ သောင်းရင်းမြစ်ကမ်းပါးမှာပါ။ ဟိုဘက်ကမ်း က ထိုင်းနိုင်ငံ သည်ဘက်ကမ်းကမြန်မာနိုင်ငံပေါ့။ ရန်သူ (န၀တ) တပ်တွေရှိတဲ့နေရာနဲ့ နာရီဝက်ခရီးပဲရှိပါ တယ်။ ကျနော်တို့ရဲ့ ဘေးဘယ်ညာမှာတော့ K.N.U တပ်ဖွဲ့တွေရဲ့နေရာတွေပေါ့။ 

ကျနော်တို့ရဲ့ စခန်းကုန်းလေးဟာ... တော်တော်သာယာပါတယ်။ ခြင်းကွင်း၊ အလံကွင်းနဲ့ အားလုံးအမှတ်ရ နေမယ့် အမှု (ခေါ်) ကိုခင်စိုး နာမည်ပေးခဲ့တဲ့ မုန်ယိုစင်လို့ခေါ်တဲ့ စခန်းကုန်းလေးရဲ့အလယ်မကျတကျမှာ မျောက်ငိုပင်ကြီး ၃ ပင်ကို အခြေပြုဆောက်ထားပြီး သောင်းရင်းမြစ် ထိုင်းဘက်ခြမ်းကို မျက်နှာပြုထားတဲ့ ၀ ရန်တာလိုစင်လေးပါ။

 ဖက်ထိပ်၊ ဘောလုံးကန်၊ ခြင်းလုံးခတ်၊ ရေချိုးလို့အပြီးမှာ သည်မုန်ယိုစင်လေးကို ရေနွေး ခွက်ကိုယ်စီနဲ့ရဲ ဘော်တွေ ရောက်လာကြပါတယ်။ လူစုံပြီဆိုရင်တော့ဂစ်တာတလုံးနဲ့ တီးတဲ့သူကလည်း တီးချင်းသလိုတီး ဆိုတဲ့သူကလည်း ဆိုချင်သလိုဆို (များသောအား ဖြင့်အားလုံးဝိုင်းအော် ကြတာများပါတယ်) တခါတလေ လည်းကီးငြိပြီးနားထောင်လို့ ကောင်းသွားတာတွေလည်း ရှိပါတယ်။ 

ထိုင်းဘက်ခြမ်းမှာတော့ ကျနော်တို့စခန်းနဲ့ မျက်စောင်းထိုးမကျတကျမှာ ဈေးဆိုင်ငယ်လေး ၂ ဆိုင်ရှိပါ တယ်။ အဲဆိုင်၂ ဆိုင်စလုံးမှာ မူကနော် (အပျိုမ) တယောက်စီရှိပါတယ်။ မူကနော်တွေ ကြားလား မကြား လားတော့မသိ ဒီဘက်ကမ်းကနေ ဖိုသံပေးရတာတော့ အမောပေါ့။


ဒီလိုနဲ့ ကျနော်တို့နေ့စဉ်ဖြတ်သန်းရင်း နဲ့ရှေ့တန်းထွက်ဖို့ရက်ကိုမျှော်ကြပါတယ်။ရှေ့တန်း ထွက်ရမယ်ဆိုရင် လည်းပျော်ကြပါတယ် ဘာကြောင့်လဲဆိုတော့ ရှေ့တန်းထွက်ရင်အတွေ့ အကြုံတွေရသလို လူထုနဲ့လည်းထိ တွေ့ရတာမို့ ဘယ်ရဲဘော်ကိုမေးမေး ရှေ့တန်း ထွက်ချင်တဲ့သူတွေချည်း ပါပဲ။


သိပ်မကြာလိုက်ပါဘူး ကျနော်တို့တပ်စိတ် ၃ ရဲ့ တပ်စိတ်မှူးက တပ်စိတ်မှာရှိတဲ့ရဲဘော်တွေကို ရှေ့တန်း ထွက်ရမှာဖြစ်တဲ့အတွက် လိုအပ်တာတွေပြင်ဆင်ထားဖို့ လာပြောပါတယ်။ ကျနော်တို့လည်း ချပ်ဝတ်တန် ဆာ၊ မှတ်စုစာအုပ်၊ ဖတ်ချင်မှတ်ချင်တဲ့အိပ်ဆောင် စာအုပ်ငယ်အချို့ကို ပြင်ဆင်ကြပါတယ်။ 

ကျနော်တို့တပ်ရင်း မှာချစ်ဖို့ကောင်းတာ တခုရှိပါတယ်။ အဲတာကတာဝန်ပဲရှိပြီး ရာထူးမရှိတာပါပဲ။ နားရှုပ် သွားပြီလား... ဒီလိုပါ။ ငါတပ်ရင်းမှူး၊ ငါတပ်ခွဲမှူးဆိုပြီး ရဲဘော်တွေကို အထာကြီးနဲ့ဆက်ဆံတာမရှိပဲ။ ညီအ ကိုလို၊ သူငယ်ချင်းလို့ ဆက်ဆံမှုပုံမျိုးရှိတာကိုပြောတာပါ။

တခါတလေ ရိက္ခာငွေအစဉ်ပြေလို့ဖြစ်စေ မွေးမြူရေးတာဝန်ခံက သဘောကောင်းလို့ဖြစ်စေ ဒါမှမဟုတ် ခုလို ရှေ့တန်းထွက်ခါနည်းနဲ့ ရှေ့တန်းကပြန်ရောက်တဲ့နေမျိုးတွေမှာကြက်သားဟင်းလို မျိုးအသားဟင်းတမျိုးမျိုး ချက်လေ့ရှိပါတယ် အဲလိုနေမျိုးတွေမှာ ကျနော်တို့တပ်ရင်းရဲ့  ထူးခြားမှုလေးကို တွေ့ရမှာဖြစ်ပါတယ်။ 

ဗိုလ်ကြီးအတွက်ဆိုတာမျိုး အသဲအမြစ်စတဲ့ ကောင်းကောင်းတွေကို ဦးဖယ်တာမျိုးမရှိပါဘူး။ အဲလိုပြောလို့ ဂါဝရတရားမရှိဘူး မထင်လိုက်ပါနဲ့ ဒီလိုပါ…..

တပ်ရင်းမှူးအပါအ၀င် စခန်းရှိရဲဘော် အရေအတွက်အတိုင်း ဟင်းပုဂံတွေထဲကို အညီအမျှစာဖိုမှူးက စကေး ထည့်ပေးပါတယ်။ စကေးထည့်ပေးပြီးသွားရင်တော့ ကင်းကျတဲ့ရဲဘော်ကလွဲရင်းအားလုံးနီးပါးစာဖိုကိုရောက် လာကြပါတယ်။

ရဲဘော်တယောက်က စာဖိုကိုကျောခိုင်ထားပြီး စာဖိုမှူးကဟင်းခွက်တခွက်ကို မြှောက်ကိုင်လိုက်ပြီး “ဒါဘယ် သူ့အတွက်လည်း”  လို့အော်လိုက်ရင် ကျောခိုင်းထားတဲ့ရဲဘော်က တပ်ရင်းမှူး၊ တပ်ခွဲမှူး စသဖြင့်တပ်ရင်း မှာရှိတဲ့ ရဲဘော်တွေရဲ့နာမည်တွေကို သူ့ပါးစပ်ထဲရှိရာကို ပြန်အော်ပေးရပါတယ်။ ကိုယ်ကျတဲ့ဟင်းခွက်ကိုယ် စား စာဖိုမှူးက...အညီအမျှခွဲထားပေမယ့် ဟိုခွက်ပိုတယ်သည်ခွက်ပိုတယ်မရှိတော့ပါဘူး။ အားလုံးတန်းတူ စားရတာပါ။

တခေါက်လည်း အဲလိုအသားဟင်းချက်တဲ့နေ့မျိုးမှာစာဖိုမှူးက ငရုပ်ဆုံကြီးကိုမြှောက်ပြီး  “ဒါဘယ်သူ့အတွက် လည်း” လို့ အော်လိုက်ရော။ ကျောခိုင်းထားတဲ့ ရဲဘော်ကလည်း သူမှမမြင်ရတာ “တပ်ရင်းမှူး” လို့ပြန်အော် တော့ အားလုံးတ၀ါးဝါးနဲ့ ပွဲကျသွားပါတော့တယ်။

မကြာခင်မှာပဲ ကျနော်တို့တပ်စိတ်ရှေ့တန်းထွက်ရပါတယ်ဒေါနတောင်တန်းကြီးကို တက်လိုက်၊ ဆင်းလိုက်၊ လျှိုတွေကိုဖြတ်လိုက်နဲ့ ကျနော်တို့သွားချင်တဲ့လူထုဆီကိုမမောနိုင်၊ မပန်းနိုင်ပေါ့အများသောအားဖြင့်ကျနော် တို့ထိတွေ့ရတယ် လူထုဟာကရင် လူမျိုးတွေများပါတယ်။ န၀တရဲ့ယုတ်မာလှတဲ့ စစ်ဆင်ရေးတွေကြောင့် အခြေခံရိုးသား ပြီးလူမှုရေးစိတ်ဓါတ်မြင့်မားလှတဲ့ ကရင်လူမျိုးတွေဟာ (များသောအားဖြင့်) ဗမာဆိုအသံ တောင်မကြားချင်ကြတော့ပါဘူး။

ကျနော်တို့ တပ်စိတ်...ရှေ့တန်းလို့ခေါ်တဲ့ K.N.U တပ်မဟာ (၇) တပ်ရင်း (၁၉) ပိုင် ဂွင်ထဲကိုရောက်တယ် ဆိုရင်ပဲနယ်မြေခံအဖွဲအစည်ဖြစ်တဲ့ K.N.U တပ်ရင်း (၅) ကိုဆက် သွယ်ရပါတယ်။ အဲဒီအချိန်တုန်းကတပ် ရင်း (၅) ရဲ့တပ်ရင်းမှူးက ဗိုလ်မှူးတပ်မတော် (ယ္ခုငြိမ်းချမ်းရေး) နဲ့ပူးပေါင်းပြီးရှေ့တန်းရွာတွေကို စစ် ကြောင်းလှည့်ရပါတယ်။ ဟိုရွာဝင် သည်ရွာထွက်နဲ့ စစ်ကြောင်းနားတဲ့ အခါနားရင်းပေါ့။


တရက်တော့ ဗိုလ်မှူးတပ်မတော်ရဲ့ ရွာဖြစ်တဲ့ တာကရား (ခေါ်) ပိတခတ်ရွာမှာ စစ်ကြောင်းနားပါတယ်။ ရွာကတော့ရွာကြီးပါ အိမ်ခြေ ၃၀၀ ကျော်လောက်ရှိပြီးရွာရဲ့အလယ်လောက်မှာ ချောင်းတချောင်းရှိပါတယ်။ ချောင်းသည်ဘက်ကမ်းက ခရစ်ရန်ဘာ သာဝင်တွေနေပြီး ဟိုဘက်ကမ်းမှာတော့ ဗုဒ္ဓဘာသာဝင်တွေနေပါ တယ်။ နှစ်ဖက်လုံးကကရင်လူမျိုးတွေဖြစ်ကြပါတယ်။ ထူးခြားတာကဘာသာမတူပဲတရွာတည်းနေပြီးပဋိပက္ခ ဖြစ်တယ်လို့ တခါမှမကြားဖူးခြင်းပါ။

ကျနော်တို့တပ်စိပ်ပါတဲ့ စစ်ကြောင်းက ဗုဒ္ဓဘာသာတွေနေတဲ့ ဘက်ခြမ်းမှာ နားရပါတယ်။ ရွာထဲကိုရောက် ရောက်ချင်းပဲ ကိုယ့်တပ်စိတ်ကိုသတ်မှတ်ပေးတဲ့အိမ်မှာ စားဖိုတာဝင်ကျတဲ့ ရဲဘော် ၂ ယောက်နဲ့ဝန်ထမ်းက ထ္မင်းချက်ဖို့ပြင်ဆင်သလို ကျန်တဲ့ရဲဘော်တွေကို တပ်ခွဲမှူးနဲ့ တပ်စိပ်မှူးက နေ့ကင်း၊ ညကင်း စတာတွေတာ ၀န်ခွဲပေးပါတယ်။

အားလုံးအပြီးမှာတော့ ထုံးစံအတိုင်း အပျိုမလှည့်ကြောင်ကြပါတယ်။ ကျနော်နဲ့ဒါနလို့ခေါ်တဲ့ရဲဘော် ကတော့ နေရာချထားတဲ့အိမ်မှာပဲ ကျန်ခဲ့ပါတယ်။ အိမ်အောက်မှာတော့မူကနော်၂ ယောက်ခြေနင်းဆုံနဲ့ ဆန်ဖွတ်နေ ကြပါတယ်။


ကျနော်လည်း ဒါနကိုအဖေါ်စပ်ပြီး “ဒါနလာကွာမူကနော်တွေကို ၀ိုင်းလုပ်ပေးကြရအောင်” လို့ အဖေါ်စပ် လိုက်ပါတယ်။ ဒါနက ကရင်လူမျိုးဖြစ်ပြီး ကရင်လိုလည်း တတ်ပါတယ်။သူ လည်းသဘောတူပြီး ကျနော်တို့ ၂ ယောက်အိမ်အောက်ကိုဆင်းပြီး ဆန်ဖွတ်နေတဲ့အပျိုမ ၂ ယောက်ကိုဝိုင်းလုပ်ပေးဖို့ ပြင်ပါတယ်။ အဲမှာအိမ် ရှင်ဖြစ်တဲ့ မူကနော်က ကရင်လိုလှမ်းပြောပါတယ် ကျနော်ကနားမလည်ပါဘူး။ ဒါနက “လာကွာကိုယ့်ဘာ သာအေးအေး ဆေးဆေးနာနေကြတာပေါ့ သူတို့ကို ၀ိုင်းမလုပ်ပေးနဲ့တော့” တဲ့။ ကျနော်လည်း ဘုမသိဘမ သိ နဲ့ အိမ်ပေါ်ပြန်တက်ခဲ့ပါတယ်။

အိမ်ပေါ်ရောက်တော့မှ ဒါနပြောပြတာက “ကောင်မလေးက ပြောတယ်ကွမင်းစိတ်တော့ မခုပါနဲ့သူပြော တာ ဗမာထောင်းပေးတဲ့ ဆန်ကိုမစားဘူးတဲ့ကွ အဲတာကြောင့် မင်းကိုနားမယ်လို့ ပြောလိုက်တာ” ကျနော့် ရင်ညထဲ မှာအောင့်သွားပါတယ်။ ကျနော်တို့တကိုယ်ရည်လွတ်လပ်မှုတွေ ကျနော်တို့ရဲ့အသက်တွေပေး ဆပ်ပြီးတိုက်ပွဲဝင်နေတာ သူတို့အတွက်လည်းပါတယ်ဆိုတာ ပြောပြချင်လိုက်တာ။ ဒါပေမယ့်ကျနော်မှကရင် လိုမတတ်တာလေ။

ကျနော်တို့လည်း ရှေ့တန်းထွက်လိုက်၊ တိုက်ပွဲတွေဖြစ်လိုက်၊ ကမ်းနားလို့ခေါ်တဲ့ သောင်း ရင်းကမ်းဘေးက စခန်းကိုပြန်တက်လိုက်။ ဘဲကလော့လို့ခေါ်တဲ့ ကန့်ထဲကိုသွားလည်လိုက်နဲ့ နှစ်တွေတနှစ်ပြီး တနှစ်လည်ပတ် နေခဲ့ပါတယ်။ နှစ်ဘယ်လောက်ကြာကြာ ဒီအဖြစ်အပျက်လေးကိုတော့ ကျနော်မမေ့ပါဘူး ဒါကြောင့် ကျနော် ကရင်စကားကိုရအောင် သင်ပါတယ်။ ကျနော်တို့တပ်ရင်းမှာ ကရင်လူမျိုး ရဲဘော်တွေဆီကသင်လိုက်၊မဟာ မိတ်တွေဆီမှာ သင်လိုက်ရွာသားတွေဆီကသင်လိုက်နဲ့ ကရင်စကားကိုထ္မင်းစား၊ ရေသောက် ပြောတတ်လာ ပါတယ်။

၂၀၀၃ နှစ်လည်ပိုင်းရောက်တော့ ကျနော့်ကိုလက်ထောက်ဆေးမှူးအဖြစ် တပ်ရင်းက တာဝန်ပေးပါတယ်။ တပ်ရင်းရဲ့ဆေးမှူး ဖြစ်တဲ့ ကိုဖိုးစီနဲ့ အတူရှေ့တန်းကရွာတွေကို လှည့်လည်ပြီး ဆေးကုပေးရပါတယ်။ ၁၂ အောက်ကလေးတွေကို ကာကွယ်ဆေးတိုက်။ အရပ်လက်သည်တွေကို သင်တန်းပေး၊ ရွာတွေမှာရှိတဲ့အပ် ပုန်းတွေကို သင်တန်းပေးစတာတွေနဲ့ လည်ပတ်နေခဲ့ပါတယ်။ 

တရက်တော့ မိုးသည်းသည်းနဲ့ ည ၂ နာရီလောက်မှာ ကျနော်တို့တည်းတဲ့ အိမ်ကိုရွာသား ၃ ယောက် ရောက်လာပါတယ်။အကြောင်းကတော့အဘွားကြီးတယောက် အဖျားတက်ရင်းကသတိလစ်သွားလို့ကျောင်း သားအဖွဲ့ကဆေးမှူး ဒီအိမ်မှာတည်း တယ်ဆိုလို့ ဆေးမှူးလာပင့်တာပါ။


ကျနော်တို့နှစ်ယောက်လည်း တိုင်ပင်ကြပါတယ် ဘယ်သူလိုက်သွားမလဲပေါ့။ ကျနော့်နဲ့ အတူနေတဲ့ တပ်ရင်း (၅) က ဆရာချစ်က “ဆရာပဲသွားလိုက်ပေါ့ ကျနော် ဒီဆေးခြင်း တွေကိုစောင့်နေလိုက်မယ်” လို့ ပြောတော့ ကျနော်လည်း လိုအပ်တဲ့ဆေးတွေနဲ့ အခြားလိုအပ်တာတွေကို ကျောပိုးအိတ်ထဲထည့်ပြီ လာခေါ်တဲ့ ရွာသား ၃ ယောက်နဲ့မိုးကာခြုံပြီး လိုက်သွားလိုက်ပါတယ်။

မိုးသည်းတော့ ချောင်းရေတွေကလည်း ခပ်ကြမ်းကြမ်းနဲ့ပေါ့ ကျနော်တို့ ၄ ယောက်လည်း ခက်ခက်ခဲခဲနဲ့လူ နာအိမ်ကို မရောက်ရောက်အောင်သွား ကြပါတယ်။ လူနာက အရေးကြီးတယ်မဟုတ်လား။

လူနာအိမ်ကိုရောက်တော့ အဘွားကြီးက သတိလစ်ပြီးကယောင်ကတမ်းတွေ အော်နေပါတယ်။ ကိုယ်ပူချိန် တိုင်းကြည့်တော့ လားလား အပူက သာမိုမီတာကိုဖောက်ထွက်တော့မယ်။ ဒါနဲ့ကျနော်လည်းလူနာရှင်ကို ခေါ်ပြီး လူနာကိုရေပတ်တိုက်ဖို့ ပြင်ခိုင်းပြီး ချက်ချင်းရေပတ်တိုက်ပါတယ်။ 

ရေပတ်တိုက်ပြီးတာနဲ့ ငှက်ဖျားပိုး စစ်တဲ့ ပါရာချပ်လေးနဲ့ သွေးဖောက်စစ်လိုက်တော့ ထင်တဲ့အတိုင်းပဲဒင်း malaria PF (ငှက်ဖျား) ပဲ။ ကွီနင်းအလုံး ကြီးချိတ်လိုက်တယ် အခြားလိုအပ်တာတွေလုပ်လို့ အပြီး နာရီကြည့်လိုက်တော့ နံနက် ၄ နာရီ။ လူနာလည်းအဖျားကျပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျလို့ စိတ်ချရတဲ့ အချိန်ရောက်မှ ကျနော်လည်း နားရပါတယ်။

အဲတော့မှပတ်ဝန်းကျင်ကို သတိထားမိတယ်။ ပထမလူနာကိုမဲနေတောအနားကလူတွေ ကိုသတိမထားမိဘူး လူနာရှင်ကကျနော့်ကို ကော်ဖီနဲ့မုန့်တိုက်ပါတယ်။ ထမင်းကျက် တော့မယ်ခဏစောင့်လို့ ပြောတော့မှသေ ချာကြည့်မိတယ်။ ဗမာထောင်းပေးတဲ့ဆန်ကို မစားဘူးလို့ပြောခဲ့တဲ့ ကောင်မလေးဖြစ်နေတယ်။ သူကတော့ ကျနော့်ကို မှတ်မိပုံမရပါဘူး ကျနော်ကလည်း ဗမာလိုတခွန်းမှမပြောပဲ ကရင်လိုပဲပြောနေတာလည်း ပါမယ် ထင်တယ်။ ၆ နာရီလောက်မှာတော့ လူနာနိုးလာပါတယ် အတော်လည်းသက်သာသွားပါပြီ။ 

ကျနော်လည်း လိုအပ်တဲ့ ကုသမှုတွေဆက်ပေးပြီး သောက်ဆေးတွေနဲ့ တိုက်ပုံတိုက်နည်း တွေကို လူနာရှင်နဲ့ လူနာကိုသေသေချာချာမှာပြီး စိတ်ချရပြီဆိုတော့မှ ကျနော်တို့တည်း တဲ့ အိမ်ကိုပြန်ဖို့ပြင်ပါတယ်။

လူနာရှင်က သရ အိုးခေါ့တကျို့ (ခဏလေးဆရာ) ဆိုပြီး အခန်းထဲဝင်သွားပါတယ်။ ပြန်ထွက်လာတော့ မြန်မာငွေ ၁၀၀၀ တန်ခပ်နွမ်းနွမ်းလေးတွေကို ယူလာပြီ ဆေးကုခဘယ် လောက်ကျသလဲလို့မေးပါတယ်။ ဒီတခါတော့ ဘာရမလဲကျနော်လည်း ကရင်လိုတတ်ပြီဆိုတော့ ပြောချင်တဲ့စကားကို ပြောလို့ရပြီပေါ့။ ဒေးမူ  ငါ့ကို မှတ်မိလားဆိုတော့ မမှတ်မိ ဘူးလို့ပြောပါတယ်။


“ဒေးမူ ငါကလွန်ခဲ့တဲ့ ၃ နှစ်လောက်က ဒီရွာကိုရောက်ဖူးတယ်။ အဲတုန်းကဒီ အိမ်မှာတည်းတယ်ဒေးမူနဲ့ အခြားတယောက် ဆန်ထောင်းနေတဲ့နေရာကိုလာ ပြီးအကိုကူလုပ်ပေးမယ်ပြောတော့ဒေးမူ ပြောခဲ့ဖူးတယ်.(ဗမာထောင်းကျွေးတဲ့ဆန် ကိုမစားဘူး) လို့ တကယ်တော့ဒေးမူရယ် အကိုတို့ကဗမာတွေ တော့မှန်ပါတယ်။ 

ဒါပေမယ့် ဒေးမူတို့မုန်းနေတဲ့ ဗမာဆိုတာစစ်အုပ်စုပါ ဒီနေ့တိုင်းပြည်ရဲ့ အဆီအနှစ်တွေ ကို တကိုယ်ကောင်း ဆန်ဆန်လက်ဝါးကြီးအုပ် စားသုံးနေတဲ့သူတွေပေါ့ အကိုတို့မဟုတ်ပါဘူး အကိုတို့က ဒေးမူတို့အပါအ၀င် တတိုင်းပြည်လုံးကို ဒီစစ်အာဏာရှင်စနစ် အောက်ကလွတ်မြောက်ဖို့ စစ်အုပ်စုကို တိုက်ခိုက်နေတဲ့သူတွေပါ ကွာ ခုဒေးမူရဲ့အမိုးကို ဆေးကုပေးတယ် ဆိုတာကိုလည်းဆေးဖိုးပေးစရာ မလိုပါဘူး။ ဆေးကုပေးလို့ကျေးဇူး တင်တယ်ဆိုရင် အကိုတို့ကိုမမုန်းပါနဲ့...စစ်အုပ်စုကိုမုန်းပါ စစ်အာဏာရှင် စနစ်ကိုမုန်း ပါ”......။

ကျနော့်ရဲ့   စကားအဆုံးမှာတော့......
ဆေးမှူးလာပင့်တဲ ရွာသားသုံးယောက်၊ လူနာနဲ့..လူနာရှင်ကောင်မလေးတို့ဟာ ပါစပ်အ ဟောင်းသားနဲ့ကျ နော်ပြောတာတွေကို နားထောင်နေပါတယ်။ ကျနော့်စကားဆုံးတော့ လူနာရှင်က မပြောမဆိုနဲ့ငိုချလိုက်ပါ တယ်ပြီးတော့ ငိုသံဝဲ၀ဲနဲ့

“ငါနင်တို့ကို မမုန်းပါဘူးဒါပေမယ့် နင်ပြောတဲ့သူတွေက ငါ့ဒေးဖိုးနဲ့ ငါ့အပါးကို ပေါ်တာခေါ်သွားတာ ငါအ သက် ၈ နှစ်ကတည်းက အခုဆိုငါ့အသက် ၂၀ ပြည့်နေပြီသူတို့ နှစ်ယောက်လုံး သေလားရှင်လားမသိရဘူး ငါလေအပါး (အဖေ) နဲ့ ဒေးဖိုးကိုသတိရတိုင်း သူတို့ကိုမုန်းတယ်” …..

ကြခတ် (ရင်း-၈)

  ကရင်လို        ဗမာလို
( ပရော်        =   ဗမာ    )
( အမိုး          =   အမေ  )
( အပါး         =   အဖေ   )
( ဒေးဖိုး        =  မောင်လေး )
( ဒေးမူ         =  ညီမလေး )
( ပွာကျိုးဖိုး   =  ကျောင်းသားသူပုန်) 

တားကရား ရွာမှ နော်မူမူ အားအမှတ်တရ ရေးဖွဲ့သည် ။  ။
ကြခတ် (ရင်း-၈).

No comments:

Post a Comment