ထင်လုံးပေါ်က လိမ့်ကျတော့  ငါတော့ ဘာမှသုံးမရတဲ့  ကောင်ပဲလို့  မှတ်ထင်ပြန်ပါတယ်။
ဖွတ်သထက်ညစ်တာ အဖတ်တင်ပါတယ်။ မှားပြီးရင်းမှား ညစ်ပြီးရင်းညစ်ရာကနေ ... ဘဝအတွေ့ အကြုံတွေ ၊ ဖတ်မိတဲ့ စာတွေ က ကျနော့်ကို သွန်သင်ခဲ့ပါတယ်။ အခုဖော်ပြမဲ့  ပုံပြင်ဟာ ကျနော့် ကို ဆုံးမခဲ့တဲ့ ပုံပြင်များစွာထဲက တပုဒ်ပါ။
ပုံပြင်မူရင်းဟာ ရုရှားစာရေးဆရာကြီး လီယိုတော်စတွိုင်းရဲ့  ရသေ့သုံးပါး ဝတ္ထုတို ပါ။
အငြိမ်းစားဗိုလ်မှူးကြီး တစ်ဦးက စာရေးဆရာ နတ်မောက်ဘုန်းကျော် ကို ပြောပြခဲ့ တာဖြစ်ပါသတဲ့။ ဒါကို နတ်မောက်ဘုန်းကျော်က သူ့ ရဲ့  .... လူကြီးလူကောင်း......... ဆိုတဲ့  စာအုပ်မှာ ပြန်ရေးခဲ့ပါတယ်။ ကျနော်က အဲဒီ စာအုပ်ကနေ ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
နတ်မောက်ဘုန်းကျော်က သူ့ မူရင်းစာမှာ လူတကာကို ဆရာလုပ်နေတဲ့  စာရေးသူတွေ ကို ထပ်ဆင့်တင်ပြလိုတဲ့  စာအဖြစ် ညွှန်းဆိုခဲ့ပါတယ်။ ကျနော်ကတော့ လူအားလုံး အလုပ်အားလုံးနဲ့ သက်ဆိုင်တယ်လို့ ယူဆပါတယ်။
လောကကြီးမှာ ကျနော့်လို ငါသိငါတတ် လုပ်ခဲ့ဘူး၊ လုပ်နေကြ တဲ့ သူများအတွက် အသုံးတည့် ကောင်းမယ် ထင်ပါရဲ့ ။
ဒါကတော့ကိုမင်းဒင် ညွှန်းထားတဲ့အညွှန်းလေးပါ
ပုံပြင်က ဒီလိုပါ ။
ရှေးတုန်းက ရုရှားပြည်ရဲ့  ပင်လယ်ကမ်းစပ်အနီးက ကျွန်းကလေး တစ်ကျွန်းပေါ်မှာ တရားကျင့်ကြံ အားထုတ်နေတဲ့  ရသေ့ ကြီး သုံးပါးရှိသတဲ့ ။ တစ်ပါးက ကိုယ်လုံးကိုယ်ထည် သေးသေးလေး ရှိပြီး ခါးကိုင်းနေပါပြီ။ သူက ခရစ်ယာန် ဘုန်းကြီးတွေ ဝတ်တဲ့  အတွင်းခံ အကျီရှည် ဝတ်ထားပါတယ်။ သူ့ အသက်ဟာ အသက်တစ်ရာကျော်လောက် ရှိပြီး မုတ်ဆိတ်မွှေးရှည်ဟာလည်း အစိမ်းဖြူရောင် ဖြစ်နေပါပြီ။ သူဟာ အမြဲတမ်း ပြုံးရွှင်နေပြီး ကြည်လင်အေးမြတဲ့  မျက်နှာထားရှိပါတယ်။
ဒုတိယရသေ့ ကြီးတစ်ပါးက သက်ကြီးရွယ်အိုဖြစ်ပြီး ဗလဖွာ စုတ်ပြဲနေတဲ့  လယ်သမားအကျီကို ဝတ်ဆင်ထားပါတယ်။ သူက ကျန်းမာသန်စွမ်းပြီး မီးခိုးရောင်မုတ်ဆိတ်မွှေးရှည်ကြီး ရှိတဲ့  အပြင် သနားကြင်နာတတ်တဲ့  မျက်နှာထား ရှိပါတယ်။
ကျန် တတိယ ရသေ့ ကြီးကတော့ အရပ်ရှည်ပြီး သူ့  ဒူးဆစ်အထိ ရှည်လျားတဲ့  မုတ်ဆိတ်မွှေးကြီး ရှိပါတယ်။ သူ့ ကိုယ်မှာတော့ အရှက်လုံရုံသာ ဖုံးထားတဲ့  မျက်ဖျာစုတ်ကလေး ခါးမှာ ပတ်ထားတာပဲ ရှိပါတယ်။
သူတို့ ဟာ တစ်ပါးနဲ့ တစ်ပါး စကားမပြောကြပဲ တိတ်ဆိတ်စွာ နေထိုင်ကြပြီး ကိစ္စရှိလျှင် မျက်ရိပ်မျက်ခြေ ပြရုံနဲ့  ဘာလုပ်ချင်တယ် ၊ ဘာလုပ်ရမယ် ဆိုတာ အချင်းချင်း နားလည်နေကြတယ်။
တစ်နေ့ ကျတော့  ဘုရားဖူး ခရီးသည် တစ်စုပါတဲ့  သဘောင်္တစ်စီးဟာ အဲဒီကျွန်း အနီးက ကပ်ပြီး ခုတ်မောင်းသွားနေပါတယ်။ သဘောင်္ပေါ်မှာ ခရစ်ယာန်ဂိုဏ်းအုပ် ဘုန်းတော်ကြီး တစ်ပါးလည်း ပါလာပါတယ်။
သဘောင်္ပေါ်က ခရီးသည်တွေနဲ့  ဂိုဏ်းအုပ်ဘုန်းတော်ကြီး တို့  ဟာ သဘောင်္မှာ ပါလာတဲ့  တံငါသည်တစ်ဦးရဲ့  ပြောပြချက်အရ မလှမ်းမကမ်းမှာ ရှိနေတဲ့  ကျွန်းကလေးပေါ်က တရားကျင့်နေတဲ့ ရသေ့ ကြီး သုံးပါးအကြောင်းကို သိရှိလာကြရတယ်။
သိလည်းသိရော ဂိုဏ်းအုပ်ဘုန်းတော်ကြီးက ရသေ့ ကြီးတွေ နဲ့ တွေ့  ဘို့ သဘောင်္ကျောက်ဆူး ခဏချထားစေပြီး လှေတစ်စီးနဲ့  ကျွန်းဆီ ကူးသွားတယ်။
ကျွန်းပေါ်ရောက်ပြီး ရသေ့ ကြီးတွေနဲ့  တွေ့ တော့ ဘယ်လိုတရားမျိုး ကျင့်ကြံအားထုတ် ပါသလဲ ဆိုပြီး မေးမြန်း စုံစမ်းကြတယ်။ ရသေ့ ကြီတွေကလည်း သူတို့ တရားကျင့်ပုံနဲ့ ...
"သင့်ရဲ့  သုံးယောက် ၊ကျွန်ုပ်တို့  သုံးယောက် ၊ သနားကရုဏာ ထောက်မပါ "
လို့  ထပ်တလဲလဲ ရွတ်ဆိုကြကြောင်း ပြောပြပါတယ်။
ခရစ်ယာန်ဂိုဏ်းအုပ် ဘုန်းတော်ကြီးက ဒီလို ရှိခိုးတာ မမှန်ကန် ၊ မပြည့်စုံသေးဘူး၊ သူဟာ ဂိုဏ်းအုပ်ဘုန်းတော်ကြီး ဖြစ်လို့  မှန်မှန်ကန်ကန် ဘုရားရှိခိုး ဝတ်ပြုတတ်အောင် သင်ကြားပေးဘို့  တာဝန်ရှိတယ် ။ သူသင်ကြားပေးမှာကလည်း သူ့ သဘော အလျောက် ထင်ရာမြင်ရာတွေ မဟုတ်။ ဓမ္မကျမ်းစာအရ အမှန်အကန် သင်ကြားပေးမည် ဆိုပြီး ...
"ကောင်းကင်ဘုံတွင်ရှိသော အဖ ဘုရားသခင် ၊ ကျွန်တော်မျိုးတို့ ကို ကယ်မ ချီးမြှင့်တော်မူပါ"
လို့  ရှိခိုးရကြောင်း သင်ကြားပေးပါတယ်။
ရသေ့ကြီးသုံးပါးကလည်း အဲဒီ ဘုရားရှိခိုးကို တစ်နေ့ လုံး ထပ်တလဲလဲ ရွတ်နေကြတယ်။ ညနေစောင်းရောက်နေချိန်မှာ ဘုန်းတော်ကြီးကလည်း ခရီးဆက်သွားဘို့  ရှိသေးတော့  သဘောင်္ပေါ် ပြန်တက်လာခဲ့တယ်။ ရသေ့ ကြီးတွေကလည်း ကျွန်းကလေးပေါ်က လက်တပြပြနဲ့  ကျန်ခဲ့တော့ တာ ပဲတဲ့ ။
ညလသာသာမှာ ဂိုဏ်းအုပ်ဘုန်းတော်ကြီးပါတဲ့  သဘောင်္ဟာလည်း သူ့ ခရီးစဉ်အတိုင်း တရွေ့ ရွေ့  ခုတ်မောင်းနေတယ်။ တဖြည်းဖြည်း ညဥ့် နက်လာတဲ့ အခါ ခရီးသည်တွေလည်း အိပ်ရာထဲ ရောက်ကုန်ကြတယ်။
ဘုန်းတော်ကြီးကတော့ မအိပ်ချင်သေးလို့  သဘောင်္ပဲ့  ချောင်မှာ ကုလားထိုင် တစ်လုံးနဲ့  ထိုင်ပြီး တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ် ကျန်ခဲ့  ရတဲ့  ရသေ့ကြီး သုံးပါးနေတဲ့  ကျွန်းကလေးကို ငေးမျှော်နေမိပါတယ်။
သူ့ စိတ်ထဲမှာ ဘုရားရှိခိုး သင်ပေးတဲ့ အတွက် ရသေ့ ကြီးတွေက သူ့ ကို သိပ်ကျေးဇူးတင် နေကြမှာလို့  တွေးပြီး ပီိတိဖြစ်နေရှာတယ်။ သူကလည်း ဘုရားတရား ရိုသေလေးစားသူတွေ ကို နည်းမှန်လမ်းမှန် ပြသသင်ကြား ပေးနိုင်အောင် စီမံစေလွှတ်ပေးတဲ့  ဘုရားသခင်ကို ကျေးဇုးတော် တင်ရှိ နေသတဲ့ ။
ဒါနဲ့  ညဉ့် အတော်နက်လာချိန်မှာ ပဲ့ပိုင်းမှာ ထိုင်နေတဲ့  ဘုန်းတော်ကြီးဟာ ပင်လယ်ထဲက သဘောင်္ဆီကို ရွေ့ လျားလာနေတဲ့  ထိန်လင်းနေတဲ့  အလင်းရောင်သုံးခုကို လှမ်းတွေ့ မြင် လိုက်တယ်။ ဒါဟာ နောက်ကလာတဲ့  လှေတွေလား၊ ပင်လယ်ဖျံကြီးတွေများလား လို့  ထင်နေတယ်။ ဒါနဲ့  ဂိုဏ်းအုပ်ဘုန်းတော်ကြီးဟာ သဘောင်္တက်မကိုင်ဆီ ထသွားပြီး သူမြင်ရတဲ့  ထူးဆန်းတောက်ပတဲ့  သဏ္ဍာန်တွေဆီကို ညွှန်ပြရင်း ... အဲဒီ ဖြူဖြူဝင်းဝင်းတွေဟာ ဘာတွေလဲ .... လို့ မေးပါတယ်။
တက်မကိုင်က အလင်းရောင်တွေဖြာပြီး သဘောင်္ဆီကို လျှင်မြန်စွာ ရွေ့ လျားလာနေတဲ့  သဏ္ဍာန်တွေကို ကြည့်ပြီး ဘုရားတလိုက်ရှာတယ်။
... ဘုရားသခင် ကယ်မပါ။ ရသေ့ကြီးသုံးပါးဟာ ရေပေါ်မှာ လမ်းလျှောက်ပြီး လိုက်လာနေကြ ပါကလား လို့  အော်ဟစ်လိုက်ပါတယ်။
ခရီးသည်တွေကလည်း တက်မကိုင်ရဲ့  အော်ပြောသံကြောင့် အိပ်ရာက ထလာကြပြီး သဘောင်္ပဲ့ ပိုင်းမှာ စုပြုံရောက်ရှိလာကြကာ ရေပေါ်မှာ လမ်းလျှောက်လာကြတဲ့ ရသေ့ကြီး သုံးပါးကို ဝိုင်းပြီး ကြည့်ရှုနေကြတယ်။ သဘောင်္ကျောက်ချနေတုန်းမှာပဲ ရသေ့ကြီး သုံးပါး ဟာ သဘောင်္ပေါ်ကို ရောက်လာပါတယ်။
ရသေ့ကြီးသုံးပါးကို ဂိုဏ်းအုပ်ဆရာတော်ကြီးက ..
"အရှင်ဘုရားတို့  ဘာကိစ္စရှိလို့ လိုက်လာကြပါသလဲ "... လို့  ရသေ့ကြီးတွေကို မေးပါတယ်။
ရသေ့ကြီး သုံးပါးက ဂိုဏ်းအုပ်ဘုန်းတော်ကြီးကို အရိုအသေပေးပြီး ..... "ကျွန်တော်မျိုးကြီးများဟာ အရှင်ဂိုဏ်းအုပ်ကြီး သင်ပေးခဲ့တဲ့  ဘုရားရှိခိုးကို မနားတမ်း ရွတ်ဆိုနေကြပါတယ်။ မောပန်းတာနဲ့  ခဏနားနေမိပြီး ပြန်ရွတ်မယ်လုပ်တော့ မမှတ်မိဘဲ မေ့ ကုန်ကြပါပြီ။ ယခုတဖန် ထပ်ပြီး သင်ကြားပေးတော်မူပါဦး"လို့  .... တောင်းပန်ကြတယ်။
နည်းမှန်လမ်းမှန် ဘုရားမရှိခိုးတတ်သော်လည်း သူတို့ ဖာသာ ကျင့်ကြံ အားထုတ်မှုကြောင့်  ကိုယ်ရောင်ကိုယ်ဝါ ထိန်လင်းစွာဖြင့် ရေပြင်ပေါ်တွင် ခြေထောက် ရေမစွတ်ဘဲ လမ်းလျှောက်လိုက်လာသော ရသေ့ကြီးသုံးပါး၏ ဣဒ္ဓိ ဝိဓ ၊ သီလဝိသုဒ္ဓိ တန်ခိုးစွမ်းဂုဏ်အင် များကို စဉ်းစားမိသော ဂိုဏ်းအုပ်ဘုန်းတော်ကြီးက ....
" ကိုယ်တော်တို့  ရှိခိုး တဲ့နည်းနဲ့ ရှိခိုးမြဲ ရှိခိုးပါ ။ ကောင်းကင်ဘုံရှိ ဘုရားသခင်ထံ ရောက်ပါလိမ့်မည်။ ကိုယ်တော် တို့ ကို တပည့်တော်က သင်ကြားပေးဘို့ အကြောင်းမရှိတော့ပါ။ တပည့်တော်တို့  အတွက်လည်း ဆုတောင်းပေးကြပါ ဘုရား"လို့  ...... ပြောပြီး ရသေ့ကြီး သုံးပါးကို ဂါရဝ ပြုလိုက်ပါတယ်။
ရသေ့ကြီး သုံးပါးကလည်း ဂိုဏ်းအုပ်ဘုန်းတော်ကြီးကို ဦးညွှတ်နှုတ်ဆက်ပြီး သူတို့ အားထုတ်တဲ့  ကျွန်းကလေးဆီသို့  ရေပြင်ကို ခြေတင်ကာ ပြန်လည် ကြွသွားပါလေရောတဲ့ ။
ကျနော်ကြိုက်မိတဲ့ ပုံပြင်လေးပါ
သည် နေရာမှ တဆင့်ခွင့်တောင်းပြီး ယူလာတာပါ
No comments:
Post a Comment