.... “မတရားမှုတခုမှာ "ကြားနေ"တယ်ဆိုရင်... သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ်လိုက်တာနဲ့ အတူတူပါပဲ” “If you are neutral in a situation of injustice, you have chosen to side with the oppressor.” (ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရ ဘုန်းတော်ကြီး ဒက်စမွန်တူးတူး)...

Sunday, September 18, 2011

သူတို့နှစ်ယောက်ရဲ့ မိုးရာသီ

မိုးကောင်းကင်ကြီးက မှုန်မှိုင်းညိုမည်းနေလေပြီ။။ တစ်ချက်တစ်ချက် ကျယ်လောင်စွာ မြည်ဟီးနေသော မိုးခြိမ်းသံများနှင့် လျှပ်စီး တဖျတ်ဖျတ် အရောင်တွေက အသည်းငယ်သူတို့ ကြောက်ရွံ့လောက်ဖွယ် ဖြစ်ပေါ်နေ၏။။ ကျိုက်ထိုမြို့မှ
စတင်ထွက်ခွာလာသော ဆန်နီပစ်ကပ်လေးတစ်စီး ဘုရားကြီး လမ်းဆုံသို့ အရောက်မှာတော့ မိုးက သည်းထန်စွာ
ရွာချလေတော့သည်။။ သက်ခိုင်က ကားကို စားသောက်ဆိုင် တစ်ခုရှေ့မှာ အသာထိုးရပ်လိုက်၏။။ ဘေးမှာ အိပ်ချင်မူးတူးနှင့် ပါလာသော သစ္စာညိုကို လှုပ်နှိုးလိုက်တော့ ဘာလဲဟင်ဟု ယောင်သလိုဖြေပြီး နိုးလာသည်။။ သက်ခိုင်က ထီးကိုဖွင့်ပြီး ကားရှေ့မှ ပတ်ကာ ညို့ဘက်သို့ သွားလိုက်ပြီး ညနေစာ တစ်ခုခုစားမယ်လေ ဟုပြောလိုက်၏။။ နှစ်ယောက်သား ဆိုင်ထဲရောက်တော့ ထမင်းနှစ်ပွဲမှာလိုက်ပြီး ညနေစာစားလိုက်ကြသည်။။ မနေ့ကညက တစ်ညလုံးမအိပ်ခဲ့ရသဖြင့် အိပ်ရေးပျက်သည့် ဒဏ်ဖြင့် စားလို့ သိပ်မကောင်းလှ။။ သက်ခိုင်နှင့် သစ္စာညိုတို့က နှစ်ဖက်မိဘတို့ အသိအမှတ်ပြုထားသော ချစ်သူနှစ်ဦးဖြစ်သည်။။ ကျောင်းတုန်းက သူငယ်ချင်းက မင်္ဂလာဆောင်လာဖို့ ဖိတ်ထားသဖြင့် ကျိုက်ထိုသို့ ရောက်နေကြတာလေ။။ ကျိုက်ထိုရောက်တော့လည်း သူငယ်ချင်းတွေ စုံနေတာမို့ တော်တော်နှင့် မပြန်ဖြစ်နိုင်ကြ။။ မနေ့ကတော့ ရန်ကုန်မှ မိဘများက ဖုန်းနှင့် ချက်ချင်းပြန်လာကြဖို့ ပြောလာသဖြင့် သူတို့သူငယ်ချင်းတွေ စိမ်းလဲ့တင်မှာ မိတ်စုံစားပွဲလေး တစ်ခုလုပ်ဖြစ်ကြသည်။။ မနက်ဖြန် သက်ခိုင်တို့ ပြန်ကြမှာမို့ တွေ့တုန်း မီးပုံပွဲလုပ်ကွာ ဟုတစ်ယောက်က အကြံစပေးလိုက်သဖြင့် သူငယ်ချင်းဖြစ်သူ အေးဆောင်၏ အိမ်မှာပဲ မီးပုံပွဲလေးကို မိုးအလင်းပေါက် လုပ်ဖြစ် ခဲ့ကြတာဖြစ်၏။။ လင်းအားကြီးမှ ခဏ အိပ်ပျော်သွားကြပြီး နေ့ခင်းမှာ ပြန်ဖို့ပြင်တော့ မိုးကရွာမလို မရွာမလို အုံ့မှိုင်းမှိုင်း ပုံစံနှင့်။။ မိုးရွာလေမလား စောင့်ကြည့်ရင်း ညနေစောင်းထိ မရွာတော့ သူတို့ပြန်လာ ခဲ့ကြတာဖြစ်သည်။။ အိပ်ချင်စိတ်ကြောင့် လူကမလန်းသော်လည်း ကြာရင် ဒီထက်ပိုမှောင်လာမှာ တွေးမိသဖြင့် သက်ခိုင်က ပိုက်ဆံရှင်းပေးလိုက်ပြီး ညိုရေ မောင်တို့ သွားရအောင်ဟု လောဆော်လိုက်၏။။
ကားလေးက ဘုရားကြီးလမ်းဆုံမှ စထွက်လာတည်းက မိုးက သည်းကြီးမည်းကြီးကို ရွာချလေတော့သည်။။ ညနေစောင်းမို့

အလင်းရောင်နည်းရသည့်အထဲ မိုးသည်းသည်းကြောင့် ပိုမှောင်သွားသလိုလို။။ သက်ခိုင် ကားရှေ့မီးကို ဖွင့်ပြီး ဂရုတစိုက်မောင်းနှင် နေရ၏။။ သစ္စာညိုကလည်း ငိုက်လိုက် ဆတ်ခနဲလန့်နိုးလိုက်နှင့်။။။ အိပ်ရေးပျက်ထားသော အရှိန်နှင့် ငြီးငွေ့ဖွယ် ကားမောင်းရမှုတို့ကြောင့် ပဲခူးမြို့က ထွက်လာတည်းက သက်ခိုင်လည်း ငိုက်လာသည်။။ စိတ်ကိုတင်းကာ ဆက်မောင်း နေရင်း အသိက တစ်ချက်လွတ်သွားသည်။။ မောင် ရှေ့မှာကား ဟူသော သစ္စာညို၏ အလန့်တကြား အော်သံကို ကြားလိုက်ချိန်မှာတော့။။။ လှည်းကူးမြို့အထွက် ဆည်မြောင်းကို ဖြတ်သည့်နေရာတွင် စည်းကမ်းမဲ့စွာ တစ်ဖက်ယာဉ်ကြောမှ ချိုးကွေ့လာသော ကားတစ်စီးကြောင့်။။။
"ဝုန်းးးးးးးးးးးးးး"






တရိပ်ရိပ်ပြေးနေသော ကားလေးက အမှောင်ရိပ်ထဲမှ လွတ်အောင် အစွမ်းကုန် ပြေးလွှားနေ၏။။ ရုတ်တရက် ရှေ့မှာ အလင်းရောင် တစ်ခုကို တွေ့လိုက်ရသည်။။ သက်ခိုင် ထိုနေရာဆီသို့ ကားကို အပြေးမောင်းသွားလိုက်၏။။။
"ဝုန်း..ဂျိန်းး..ဂျိန်းးး.."
ကျယ်လောင်လွန်းသော မိုးခြိမ်းသံကြီးနှင့် အတူ သူ့အသိစိတ်တွေ ခန္ဓာကိုယ်ဆီသို့ ပြန်ကပ်လာ၏။။ သူနှင့် သစ္စာညိုတို့ လှည်းကူးမြို့ အထွက်မှာ ကားမှောက်သွားတာပါလား။။
"မကြာခင်မှာ သတိရလာမှာပါ။။ စိတ်မကောင်းစရာကတော့ လူနာရဲ့ခြေထောက်တွေ အကောင်းပကတိအတိုင်း ဖြစ်လာဖို့ လုံးဝကို မလွယ်တော့တာပါ။။ ကျနော်တို့လည်း အစွမ်းကုန် ကြိုးစားကြည့်ပြီးပါပြီ။။ ဘယ်လိုမှကို မတတ်နိုင်တော့လို့ဆိုတာ နားလည်ပေးကြပါ။။"
အားးးး သက်ခိုင် စိတ်ထဲမှ နာနာကျည်းကျည်း အော်လိုက်မိသည်။။ ဖေဖေတို့နှင့် ဆရာဝန်ကြီးပြောနေတာ သူ့အကြောင်းမှ လွဲ၍ ဘယ်သူ့အကြောင်းဖြစ်နိုင်ဦးမလဲ။။။ သက်ခိုင် ခြေထောက်တွေကို လှုပ်ကြည့်လိုက်၏။။ မရ၊ သူ့အောက်ပိုင်းက ခံစားမှုလုံးဝကို မရှိတော့တာပါလား။။။ ညိုရော၊ ညိုဘာများဖြစ်သွားသေးလဲ။။။ ညို့အကြောင်း တွေးမိချိန်မှာတော့ သက်ခိုင် စိတ်တွေက ခံစားမှုကင်းမဲ့နေသော အောက်ပိုင်းဆီလည်း သတိမရတော့။။ ကျန်တဲ့ ဘယ်နေရာတွေ ဘာဖြစ်သေးလဲ ဆိုတာလဲ စစ်ဆေးကြည့်ဖို့ သတိမရတော့။။။
"ညို.. ညိုရေ။။ ဖေဖေ..မေမေ.. ညို ရောဟင်။။ ညိုဘာဖြစ်သွားသေးလဲ။။"
"သား..သားသတိရလာပြီနော်။။ မသေကောင်း၊ မပျောက်ကောင်း သားလေးရယ်။။ သားလေး စိတ်အေးအေးထားနော်။။ ညိုက ဘာမှမဖြစ်ပါဘူးသားရဲ့။။ သာမာန် ဒဏ်ရာလေးပဲရတာ။။ သားလေး မြန်မြန်နေကောင်းရင် ညိုနဲ့တွေ့ရမှာပေါ့။။။"
မေမေ့အသံတွေ ငိုသံပါနေတာ သူ့ဒဏ်ရာ အခြေအနေကြောင့်ပဲ ဖြစ်လိမ့်မည်။။ ညို ဘာမှမဖြစ်ဘူးဆိုတော့ တော်ပါသေးရဲ့။။။ အပြင်မှာ ရွာနေသော မိုးစက်တွေဆီ ပြတင်းပေါက်မှ တဆင့်ငေးကြည့်ရင်း သက်ခိုင် အတွေးတစ်ခုကြောင့် ဆတ်ခနဲ့ပင် တုန်သွားရ၏။။ သူက ခြေထောက်တွေ လှုပ်မရတော့သော ဒုက္ခိတ တစ်ယောက်ပါလား။။။ ညိုသာ သူ့ကိုတွေ့လျှင် ဝမ်းနည်းစွာ ငိုကြွေးလိမ့်မည်။။ ပြီးတော့ ယူကျုံးမရခြင်းတွေနဲ့ သူ့ကို အမြန်ဆုံးလက်ထပ်ပြီး ပြုစုဖို့ ဒုက္ခိတကတော် ဘွဲ့ကို ခံယူပေလိမ့်မည်။။ ညို့စိတ်ကို သူသိ၏။။ သိနေ၏။။
"ဟင့်အင်းမေမေ။။ ညို့ကို သားမတွေ့ချင်တော့ဘူး။။"
"ဘာလို့လည်း သားလေးရဲ့။။ ညိုနေကောင်းတာနဲ့ သားဆီ လာတွေ့မှာပေါ့။။ သားလေး နေမြန်မြန်ကောင်းအောင် ဂရုစိုက်ပြီးနေလိုက်နော်။။"
မေမေ့ မျက်ဝန်းဆီမှ စီးကျလာသော မျက်ရည်များက ဂရုစိုက်ရုံနဲ့ ပြန်မကောင်းလာနိုင်တော့မည့် သူ့ခြေထောက်တွေ အတွက်ဆိုတာ သက်ခိုင်သိနေ၏။။

"သား.. အကုန်ကြားပြီးပြီမေမေ။။ သားက အောက်ပိုင်းသေသွားတဲ့ ဒုက္ခိတ တစ်ယောက်ဖြစ်နေပါပြီ။။ သားကို ညာနေဖို့ မလိုပါဘူး မေမေရယ်။။ သားသိပြီးပါပြီ။။ သားချစ်သူကို ဒုက္ခိတရဲ့ဇနီးမယားတော့ အဖြစ်မခံစေရဘူး။။ ညို့စိတ်၊ ညို့အကြောင်းလည်း မေမေတို့ အသိဆုံးပါ။။ သားဆီ သူမလာအောင် မေမေတို့ လုပ်ပေးပါနော်။။ သား ညိုနဲ့ မတွေ့ချင်တော့ဘူး။။"
ပြတင်းပေါက်ဆီမှ အပြင်မိုးသည်းသည်းကို ငေးကြည့်ရင်း အမြင်တွေ မသည်းကွဲတော့။။။ ရင်ထဲမှာတင်မက မျက်ဝန်းမှာပါ ငိုနေပြီ ညိုရေ..ဟုသာ သက်ခိုင် တီးတိုးဟစ်ကြွေးရင်း မျက်ဝန်းဆီမှ မျက်ရည်ကို သုတ်လိုက်သည်။။ သက်ခိုင်ရဲ့ ခြေထောက် တွေကတော့ နာကျင်မှုလည်းမရှိ ခံစားမှုတို့ ကင်းမဲ့နေဆဲ။။ မေမေတို့ကတော့ သူ့ကို ကြည့်ပြီး စိတ်မကောင်းလို့ ထင်ပါရဲ့ သားလေးနားနေဦးနော် ဟုပြောကာ အပြင်ထွက်သွားကြတော့သည်။။။။







အားးးးးးးးးးးးး မောင်ရေ..ညို့ကို ကယ်ပါဦး။။။ အသံကုန် အော်ဟစ်ရင်း သစ္စာညို အမှောင်ထုထဲက ရုန်းထွက်ဖို့ ကြိုးစားလိုက်သည်။။ သို့သော်လည်း မည်သည့် အလင်းရောင် တစုံတရာကိုမှ မတွေ့ရ။။ သူမ သိပ်ချစ်သော မောင်ကလည်း သူမဘေးမှာ မရှိ။။ ပကတိ ပိန်းပိတ်အောင် မှောင်မည်းနေသည်။။
"သမီးလေး သတိရလာပြီ ဖေကြီးရေ့။။"
မေမေ့ရဲ့ ဝမ်းသာအားရ အသံကို ကြားလိုက်ရသည်။။ ပြီးတော့ မိုးစက်တို့ ခပ်စိတ်စိတ်ရွာချနေသံများ၊ ပြီးတော့ ပြင်းထန်သော မိုးခြိမ်းသံတစ်ခုကို ဆက်တိုက် ကြားလိုက်ရသည်။။ အသိစိတ် ပြန်ကပ်လာချိန်မှာ သူမတို့ ကားမှောက်ခဲ့တာကို သတိရ၏။။။ မောင်ရော.. မောင်.. မောင် ဘာဖြစ်သွားသေးလဲဟု အလောတကြီးမေးလိုက်သည်။။။
"မောင်သက်ခိုင်က ဘာမှ မဖြစ်ပါဘူး သမီးငယ်ရဲ့။။ သာမာန်ဒဏ်ရာလေးပဲ ရတာ။။။ သမီးနေကောင်းအောင် အရင်နေနော်။။"
အမောတကြီး ဝင်ရောက်လာသော ဖေဖေက ဖြေလိုက်တာဖြစ်သည်။။ သစ္စာညိုက ဟင့်အင်း မောင့်ကိုခေါ်ပေးဟု ပြောတော့ ဒဏ်ရာကြီးကြီးမားမား မရပေမယ့် မောင့်ကိုလည်း ဆေးရုံမှာပဲ တင်ထားရတာမို့ မောင်နေကောင်း သက်သာရင်

လာမှာပေါ့ဟု ဖေဖေဖြေတာကို ကြားလိုက်ရ၏။။ ဒီတော့မှ သစ္စာညို ကိုယ့်ကိုကိုယ် သတိထားမိလိုက်သည်။။ သူမဘာကိုမှ မမြင်ရတာပါလား။။ ဘယ်ဘက်လက်ဆီမှလည်း နာကျင်မှုကို ခံစားနေရသည်။။ ညလက်ဖြင့် မျက်နှာကို စမ်းလိုက်တော့ မျက်လုံးနေရာမှာ ပတ်တီးထူထူကြီး စည်းနှောင်ထား၏။။ ဖေဖေ သမီးမျက်လုံးက ဘာဖြစ်တာလည်း ဟုစူးစူးဝါးဝါး အော်မေးလိုက်သည်။။
"သမီးလေးရယ်.."
"တယ် မေကြီးကလည်း။။ သမီးလေး စိတ်အားမငယ်နဲ့နော်။။ သမီးလေးမျက်လုံးက ဘာမှမဖြစ်ဘူး သိလား။။ ပြန်ကောင်းလာလိမ့်မယ်။။ ခုက ထိခိုက်မိထားလို့ ပတ်တီးစည်းထားတာပါ။။"
မေမေ့ဆီက ညည်းရှိုက်သံ၊ ဖေဖေက ဟန့်တားပြီးမှ ဝင်ဖြေသံတွေအရ သူမမျက်လုံးဒဏ်ရာက သာမာန်မဟုတ်တာကို သစ္စာညို သိလိုက်၏။။
"ဖေဖေ သမီးစိတ်ကို ဖေဖေတို့ အသိဆုံးပါ။။ အမှန်အတိုင်းပဲ သမီးသိချင်တယ်။။ ပြောပြပါ။။ မပြောပြရင် သမီး ကိုယ့်ကိုကိုယ် တစ်ခုခုလုပ်ပစ်မယ်။။"
သူမရဲ့စိတ်ကို သေချာသိသော မိဘများမို့ ဖေဖေက ပြောပြလိုက်တော့သည်။။ မျက်လုံးကို မှန်စများ စူးရှမှုကြောင့် သူမရဲ့ မျက်ကြည်လွှာတွေ ပျက်စီးသွားခြင်း။။ အလှူရှင် မပေါ်လာပါက သူမမျက်လုံးတွေ ပြန်မြင်မည် မဟုတ်တော့။။ အိုးးးးးးးးးးး သစ္စာညို စိတ်ထဲ ယောက်ယက်ခတ်အောင် မတည်ငြိမ်နိုင်စွာ ဝမ်းနည်းစိတ်တို့ လှိုက်တက်လာ၏။။ မျက်စိမမြင်တော့သော မိန်းမတစ်ယောက်ရဲ့ ဘဝက ဘာတွေများ စွမ်းဆောင်နိုင်တော့မှာလည်းလေ။။ တစ်ဆက်တည်းတွေးမိသော အတွေးတစ်ခုကြောင့် သစ္စာညို ပါးစပ်ကို လက်နှင့်ပိတ်ပြီး ငိုချမိတော့သည်။။ မောင်နှင့်သူမရဲ့ဘဝ ရှေ့ဆက်ဖို့။။ ဟင့်အင်း သစ္စာညိုကြောင့် မောင့်ဘဝတက်လမ်းတွေ ပိတ်သွားမှာပေါ့။။ ထက်မြက်ပြီး တက်လမ်းတွေနဲ့ ပြည့်နှက်နေတဲ့ မောင့်ဘဝကို သူမလို မျက်မမြင်တစ်ယောက်ကြောင့်တော့ မပိတ်ပင် မနှောင့်နှေးစေရ။။

"မေမေ..ဖေဖေ..မောင်လာရင် သမီးဆီ မလွှတ်လိုက်ပါနဲ့။။။ သမီးမောင်နဲ့ မတွေ့ချင်တော့ဘူး။။ မောင့်ကို သမီးဆီ မလာပါစေနဲ့တော့နော်။။။"
ပြောရင်း ကျောတွေလှုပ်အောင် ရှိုက်ငိုလိုက်တော့ မေမေက သူမလက်မောင်းလေးကိုင်ပြီး မငိုရဘူးလေ
သမီးလေး နေကောင်းသေးတာလည်း မဟုတ်ဘူး။။ သမီးဖြစ်စေချင်တာ အကုန်လုံး ဖြစ်အောင် မေမေတို့ လုပ်ပေးမယ် စိတ်ချနော် သမီးလေး ဟုပြောကာ နှစ်သိမ့်၏။။ သမီးတစ်ယောက်တည်း နေချင်တယ် မေမေရယ်ဟု ပြောလိုက်တော့ မိဘတွေက နားလည်စွာ အပြင်ထွက်ပေးကြသည်။။ သစ္စာညို ကျိတ်ငိုရင်း အပြင်မှာမိုးရွာ နေကြောင်း အကြားအာရုံအရ သိလိုက်ရသည်။။ သြော်.. ဒီမိုးသာ ကျိုက်ထိုမြို့မှာ ရွာခဲ့ပါက သူမတို့ပြန်ဖြစ်မှာမဟုတ်။။ ဒါဆို ဒီအဖြစ်မျိုးလည်း ကြုံရမှာ မဟုတ်ခဲ့။။ အခုတော့.....။။။







ဆေးရုံပေါ်မှာ တစ်လကျော်လောက် ဆေးကုသမှုခံယူပြီးနောက် သက်ခိုင်ရော၊ သစ္စာညိုပါ ဆေးရုံမှ ဆင်းခဲ့ကြတော့၏။။ မျက်စိကွယ်သွားသော မိန်းမတေစ်ယောက်နှင့် အောက်ပိုင်းသေ သွားသော ယောင်္ကျားတစ်ယောက်တို့ အဖြစ် သိမ်ငယ်စိတ် ကိုယ်စီနှင့် သူတို့နှစ်ယောက် တွေ့ဆုံဖို့ကို အကြောက်အကန် ငြင်းဆန်ခဲ့ကြသည်။။ မိဘများကလည်း တဖြည်းဖြည်းတော့ နားဝင်အောင် ပြောနိုင်မှာပါလေဟူသော အတွေးများနှင့် စည်းရုံးကြည့်နေဆဲ။။ မချိသောရင် တို့ဖြင့် အဖြစ်မှန်များကိုတော့ နှစ်ယောက်လုံးကို ပေးမသိကြသေး။။။
"ဟ..မောင်အေးဆောင်ကြီးပါလား။။ လာကွာ။။"
အောက်ထပ်မှ ဖေဖေ့အသံကြောင့် အေးဆောင် ရောက်လာတာကို သက်ခိုင်သိလိုက်သည်။။ ဆေးရုံမှာ ရှိနေစဉ်တုန်းကလည်း သူငယ်ချင်းတွေ နေ့စဉ်မပြတ်ခဲ့။။ အေးဆောင်ကတော့ လူလွတ်မို့ မကြာခဏ ရောက်ရောက်လာတတ်တာလေ။။။
"ဦးတို့ ဒေါ်ဒေါ်တို့ နေကောင်းကြရဲ့ မဟုတ်လားဗျ။။ ဟိုကောင်ကြီးရော။။"
"အေး..ကောင်းပါတယ်ကွာ။။ မင်းသူငယ်ချင်းကတော့ အပေါ်ထပ် သူ့အခန်းမှာပဲဝေ့။။"

ဒါဆို ကျနော် အပေါ်တက်လိုက်ဦးမယ်ဗျာ ဟုပြောပြီး အေးဆောင် အပေါ်ထပ် တက်လာသံကြားလိုက်ရသည်။။ ခဏနေတော့ သူ့အခန်းထဲ အေးဆောင် ရောက်လာ၏။။ သက်ခိုင် ဝှီးချဲပေါ်မှ အသာလှည့်ကြည့်တော့ ပြုံးပြပြီး ကောင်ကြီး နေကောင်းလား ဟုမေးသည်။။
"ကောင်းပါတယ်ကွာ။။ အေးဆောင် လာကွာ လသာဆောင်မှာ စကားပြောကြတာပေါ့။။ ဒါလေးနဲ့လေ။။"
မင်းတောင် အရက်တွေ တော်တော်သောက်နေပြီပဲ သက်ခိုင်ရ ကောင်းကွာ ဟုပြောပြီး အေးဆောင်က သူ့နောက်မှ လိုက်လာ၏။။ လသာဆောင်မှာက မိုးမရွာလျှင် စားပွဲလေးထုတ်ပြီး သက်ခိုင် စာဖတ်တာမို့ ခေါက်စားပွဲလေးတစ်လုံးက အဆင်သင့် ရှိနေသည်။။ သူတို့ ထိုင်လိုက်ကြတော့ အေးဆောင်က
"သက်ခိုင်.. မင်းကို ငါပြောစရာရှိတယ်။။"
"ဘာလဲ ညိုနဲ့ ငါ့ကိုပေးတွေ့ဖို့လား။။။ မဖြစ်နိုင်ဘူး အေးဆောင်။။ အဲဒါတော့ မပြောနဲ့။။ ငါ့ဘဝ၊ ငါ့ကိုယ်ငါထက် ညို့ကို ငါပိုချစ်တယ်။။ အဲဒါကြောင့်ကို ငါသူနဲ့ ဒီတစ်သက်မတွေ့တော့ဘူး။။။"
သက်ခိုင်ရဲ့ ပြတ်သားစွာ ပြောနေသော စကားတွေကို နားထောင်ပြီး အေးဆောင်က ရယ်လိုက်သည်။။ ပြီးမှ
"ငါ.ရန်ကုန်ကို မနေ့ကတည်းက ရောက်နေတာ သက်ခိုင်။။ မနေ့က သစ္စာဆီကို ငါသွားခဲ့တယ်။။ မင်းလိုပဲ ခါးခါးသီးသီး ဖြစ်နေတယ်။။ ငါဘယ်လိုမှ ဖျောင်းဖျလို့လည်းမရဘူး။။ သူကလည်း မင်းနဲ့ လုံးဝ မတွေ့ချင်ဘူးတဲ့။။ မင်းတွေးကွာ။။ သူနဲ့မင်းက အရမ်းချစ်ကြတဲ့ သူတွေ သူကဘာဖြစ်လို့ မင်းကို မတွေ့ချင်ရတာလဲ။။"
သက်ခိုင် တွေခနဲဖြစ်သွားသည်။။ သူ့ခြေထောက်တွေအကြောင်း သိသွားလို့ ညိုက သူနဲ့တွေ့ဖို့ ငြင်းတာတော့ လုံးဝမဖြစ်နိုင်။။ ဒါဆို.. သက်ခိုင် စိတ်ထဲ ထင့်ခနဲဖြစ်သွားသည်။။
"အေးဆောင် ညို ဘာဖြစ်နေသလဲ။။ ငါ့ကို ပြောပြ။။ ငါ့ကိုပြောပြပါကွာ။။"
"အေးပါ.. ငါအဲဒါကို ပြောပြချင်လို့ ဒီကိုလာခဲ့တာသက်ခိုင်။။ နှစ်ဖက်မိဘတွေ မပြောရက်လို့ မပြောကြတော့ မင်းတို့ မသိကြတာကို ငါက သိအောင်လာပြောတာပါ။။ မနေ့ကလည်း သစ္စာကို ငါအခုမင်းကိုမေးသလို မေးထားခဲ့တယ်။။"
အပြင်ဘက်ဆီမှ လေပြင်းတစ်ချက် မွှေ့တိုက်လာသည်။။ မိုးရွာဦးတော့မည် ထင်ပါရဲ့။။ ကောင်းကင်မှာတော့ မိုးတိမ်မည်းမည်းတို့ မတွေ့ရ။။
"မိုးရွာမယ်ထင်တယ်ကွ။။ အင်း လွန်ခဲ့တဲ့ နှစ်လလောက်တုန်းကလည်း ငါတို့ ဒီလိုပဲ ခန့်မှန်းခဲ့ကြတာပဲနော။။ သက်ခိုင်ရာ အဲဒီအချိန်တုန်းကသာ မိုးတကယ်ရွာခဲ့ရင် မင်းတို့ ဒီလိုဖြစ်မှာ မဟုတ်ဘူးနော်။။"
အေးဆောင်က ဆေးလိပ်ကို ရှိုက်ဖွာလိုက်ရင်း ဝမ်းနည်းသံဖြင့်ပြောသည်။။ သက်ခိုင်စိတ်တွေက လောနေလေပြီတည်း။။။
"အေးဆောင်..ညို ဘာဖြစ်သလဲ ဆိုတာ မြန်မြန် ပြောပြပါကွာ။။"
"အေး..မင်းမတွေးလို့ပေါ့ သက်ခိုင်ရာ။။ မင်းတောင် ဒီလိုဖြစ်သွားတဲ့ထိ ပြင်းထန်တဲ့ ကားမှောက်မှုမှာ ညိုကရော ဘာမှ မဖြစ်ပဲနေမလား။။ အဲဒီကေ့စ်မှာ ညို လက်ကျိုးသွားတယ်။။ အဲဒါက ပြန်ကောင်းပေမယ့် သူ့မျက်လုံးတွေကို စူးတဲ့ မှန်စတွေကြောင့် မျက်လုံးနှစ်ဖက်ကတော့ လုံးဝကို ကွယ်သွားခဲ့ရတယ် သက်ခိုင်။။။"
ဘာ..ညို မျက်စိကွယ်သွားတယ် ဟုတ်လားအေးဆောင် ဟုသက်ခိုင် အလန့်တကြား အော်လိုက်မိသည်။။ မိုးကောင်းကင်ကြီး ဆီမှ မိုးဖွဲလေးများ စတင်ကျဆင်းလာပြန်သည်။။ ခြံတံခါးဝဆီမှ ကားတစ်စီး ကွေ့ဝင်လာတာ တွေ့လိုက်ရ၏။။ ခဏနေတော့ ဧည့်ခန်းဆီမှ
"ဒေါ်ဒေါ်..ဦး.. မောင် ဘယ်မှာလဲဟင်။။ မောင့်ဆီ လိုက်ပို့ပေးပါ။။ မောင့်ဆီ ပို့ပေးပါ။။"
ငိုသံပါနှင့် ပြောနေသော ညို့ အသံကို ကြားလိုက်ရသည်။။ ညို့အဖေနှင့် အမေ၏ အသံကိုလည်းကြားရ၏။။ အေးပါသမီးရယ် လိုက်ပို့ပေးမှာပေါ့ လာလာဟု ပြောလိုက်သော မေ့မေ့ အသံနှင့်အတူ အပေါ်ထပ်သို့ တက်လာသော ခြေသံများကို ကြားရသည်။။ကျနော်တို့ လသာဆောင်မှာ ဒေါ်ဒေါ်ဟု အေးဆောင်က အသံပြုလိုက်၏။။
"မောင်..မောင် ဘယ်မှာလဲဟင်။။"


လက်ကို ဆန့်ထုတ်ရင်း တကြော်ကြော် ခေါ်နေသော ချစ်သူ။။ သက်ခိုင် မျက်ရည်တွေ စီးကျလာ၏။။ ညို မောင် ဒီမှာဟု အသံပြုလိုက်တော့ သူ့ဆီသို့ ညိုက ပြေးလာ၏။။ လဲမှာ စိုးသဖြင့် အေးဆောင်က လှမ်းထိန်းလိုက်သည်။။ ညိုက ဝှီးချဲလ်ပေါ်မှ သူ့ရင်ခွင်ထဲ ခိုဝင်ငိုကြွေးတော့ သက်ခိုင် တင်းကျပ်နေအောင် ပြန်ဖက်ထားမိသည်။။ မိုးရေစက်တို့က ခပ်စိပ်စိပ် ကျလာပြီမို့ သူတို့ဆီသို့ပါ လှမ်းပက်လာ၏။။ သို့သော်လည်း မည်သူမျှ မိုးရေစက်များကို သတိမထားမိကြတော့။။
"အေးဆောင် လာပြောတာ နားထောင်ပြီး ညို စိတ်ထဲထင့်သွားတာ။။ သူပြန်တော့ မေမေတို့ ဖေဖေတို့ကို အတင်းမေးတော့မှ ညို မောင့်အကြောင်းတွေ သိလိုက်ရတာ။။ သိသိချင်း ညို မောင့်ဆီ လာချင်လိုက်တာမောင်ရယ်။။ မိုးကတအားချုပ်နေတာမို့ ဒီအချိန်မှ မောင့်ဆီ ရောက်လာရတာ။။"
သူ့ရင်ခွင်ထဲမှ ရှိုက်ကြီးတငင်ပြောနေသော ချစ်သူကို သက်ခိုင် မြတ်နိုးမဝစွာ ငေးကြည့်နေမိသည်။။ ပြီးမှ မောင်လည်းခုပဲ သိရတာညိုရဲ့ အေးဆောင်ကြီး လာပြောတာပဲလေဟု ပြန်ပြောလိုက်၏။။
"မောင် ညိုမောင့်ကို အရမ်းချစ်တယ်။။ မောင်လည်းညို့ကို အရမ်းချစ်တာ ညိုယုံတယ်။။ အစတုန်းက ညိုတို့ အဖြစ်မှန်ကို

မသိခဲ့ကြလို့ တစ်ယောက်နဲ့တစ်ယောက် မတွေ့ဖို့ ဆုံးဖြတ်ခဲ့ကြတယ်နော်။။ မောင်ရယ် ခုဆို မောင်ရော ညိုရော သိကြပြီ။။ ညို့အတွက် မောင်ရှိဖို့ လိုအပ်သလို၊ မောင့်အတွက်လည်း ညိုရှိနေဖို့ လိုအပ်တယ်လေ။။ ညိုက မမြင်ရဘူး၊ လမ်းတော့ လျောက်နိုင်တယ်။။ မောင်က လမ်းမလျောက်နိုင်ဘူး၊ မျက်လုံးတော့ မြင်ရတယ်။။ မောင်..ညိုတစ်ခု တွေးမိတယ် သိလား။။ ဒီမိုးရာသီ..မိုးရေစက်တွေက သက်ခိုင်ဆိုတဲ့ ယောင်္ကျားတစ်ယောက်နဲ့ သစ္စာညိုဆိုတဲ့ မိန်းမတစ်ယောက်ကို တစ်ယောက်တည်း ဖြစ်သွားအောင် လုပ်ပေးခဲ့တာလို့လေ။။။ ပြီးခဲ့တဲ့ နှစ်လ လုံးမှာတော့ ညိုလေ အဲဒီမိုးရေစက် တွေကို မုန်းလိုက်တာ။။ သူ့ကြောင့် ညိုတို့ချစ်ခြင်းတွေ ပြိုကွဲရပြီလို့တွေးမိလို့။။ အခုတော့ ညို အဲဒီမိုးရေစက်တွေကို ချစ်သွားပြီ။။ မိုးရာသီကြီးကိုလည်း ကျေးဇူးတင်သွားပြီမောင်။။ ခုဆို ညိုတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် အရမ်းကို လိုအပ် နေကြပြီလေ။။။"
သစ္စာညိုက သူ့ရင်ခွင်ထဲမှနေ လက်နှစ်ဖက်ကို ဖြန့်ပြီး ပက်ဝင်လာသော မိုးရေစက်တို့ကို ခံယူနေသည်။။ သူမမျက်နှာက ပူပင်သောကတို့ ကင်းဝေးလျက်။။ သက်ခိုင်လည်း ညို့စကားတွေကို သဘောကျစွာ ပြုံးလျက်။။ အေးဆောင်ကတော့ သူ့လုပ်ဆောင်ချက် အောင်မြင်သဖြင့် ကြည်နူးပြုံးနှင့် ခေါင်းတငြိမ့်ငြိမ့်။။ မိဘနှစ်စုံကတော့ မျက်ရည်များနှင့် ပြုံးနေကြသည်။။။ အဆိုးဆုံးကြုံထားသော သားနှင့် သမီးရဲ့ အဆိုးထဲက ကောင်းကွက်ကို ရှာပြီး ပြောသွားသော စကားတွေကိုတော့ မချိပြုံးတွေကြားမှ သေချာကို မှတ်မှတ်သားသားရှိသွားကြတော့၏။။။ သြော်..တကယ်ဆို ဒီမိုးရာသီ၊ ဒီမိုးရေစက်များအောက်မှာ သူတို့ ဒီအဖြစ်ဆိုးကို ကြုံခဲ့ကြတာပါ။။ ဒါကိုတောင်မှ သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက်က လိုအပ်ခြင်းကို ပိုမိုဖြစ်ပေါ်စေဖို့၊ သူတို့အချစ်တွေကို မှတ်ကျောက်တင်နိုင်ဖို့ ဖန်တီးပေးလိုက်တဲ့ မိုးရာသီဆိုပါလား။။။ သြော်..သူတို့နှစ်ယောက်ရဲ့ မိုးရာသီက သူတို့အတွေးနှင့် သူတို့တော့ ဟုတ်နေကြတာပါလား။။။။။။။။။။

No comments:

Post a Comment