Tuesday, February 15, 2011

“သမိုင်းတကွေ့မှမြန်မာဝံသာနုအမျိုးသမီးများ” ( ဒေါ်ဒေါ်စုကိုလိုနီခေတ်-မြန်မာအမျိုးသမီးသမဂ္ဂဥက္ကဌ)

သန်းဝင်းလှိုင်

မြန်မာလွတ်လပ်ရေးကြိုးပမ်းမှုသမိုင်တွင် မြန်မာဝံသာနုအမျိုးသမီး၏ နိုင်ငံရေးလုပ် ဆောင်ချက်များကို ချန်လှပ်ထား၍ မဖြစ်နိုင်ပါ။ အမျိုးဘာသာ သာသနာ ပညာပြန့်ပွားရေးအ တွက် မြန်မာအမျိုးသမီးများသည် ကိုလိုနီကျွန်ဘ၀ကပင်ယနေပတိုင်အောင် အသင်းအဖွဲ့များ တည်ထောင်၍ စည်ရှုံးလှုပ်ရှားခဲ့ပုံများမှာ မြန်မာသမိုင်းစာမျက်နှာ၌အထင်အရှားတွေ့နိုင်ပေသည်။ ရှေဦးတည်ထောင်ဖွဲ့စည်း၍ လှုပ်ရှား ခဲ့သော မြန်မာအမျိုးသမီးအသင်းအဖွဲ့များ၌ မြန်မာ ကုမ္မာရီအသင်းခေါ် မြန်မာအမျိုးသမီးသမဂ္ဂ(Burmese Women’s Union) မြန်မာ အမျိုးသမီးဝံသာနုကုမ္မာရီမသင်း(Young Women Buddhist Association – Y W B A ) ဗြဟ္မာစရိကုမ္မာရီအသင်း ၊ မိန်းမကုမ္မာရီအသင်း ၊ သုဓမ္မစာရီအသင်း ၊ဓမ္မစာရီအသင်း တို့မှာ ထင်ရှားခဲ့သည် ။

၁၉၁၉ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် မြန်မာကုမ္မာရီအသင်းခေါ် မြန်မာအမျိုးသမီးသမဂ္ဂကိုဒေါ်ဒေါ်စု ၊ ဒေါ်ဖွားသစ် ၊ ဒေါ်ခင်စော ၊ ဒေါ်လှမေ တို့ ဦးစီး၍ဖွဲ့စည်းတည်ထောင်ခဲ့သည်။

အသင်းတည်ထောင်ရခြင်းနှင့် ပတ်သတ်၍ အသင်းဖွဲစည်းပုံမှတ်တမ်းစာအုပ်၌ “ဤ်ဘဒ္ဒကမ္ဘာသတ္တလောက ဘုံကြီး၌မိန်းမတို့သည်ရှေ့ဦးစွာ ပေါ်ထွန်းရကားလောက၏ အရှင်မိခင်အစစ်ဖြစ်ပေသည် ပေသည်တကား၊ မိခင်ဖြစ်ကြသူ မိန်းမများအနက် မဟာမဟာဒေ၀ီမှအစ ယသော်ဓရာ၊ ခေမာ၊ ဥပ္ပလ၀ဏ်၊ ဧတဂ်ရရဟန္တာ မိန်းမမြတ်တို့အပြင် ၀ိသာခါ၊ ခုဇ္ဇုတ္တရာ၊ နန္ဒမာလာစသော အကျော်ဇေယျအမျိုးသမီးတို့နှင့် ရာဇ၀င်ထင်ရှား ခဲ့သည့် မိဘုရားကြီးဖွားစော၊ မွန်ဘုရင်မကြီးရှင်စောပု စသည်တို့၏ ဂုဏ်အင်များကိုအောက်မေ့ကာ ထိုမိန်း မမြတ်များကိုစံနမူနာဦးထိပ်ထားလျက် ဤရန်ကုန်မြို့တော်တွင် သက္ကရဇ် ၁၂၈၁ ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက် (၁၉၁၉ခုနှစ်နိုဝင် ဘာ ၁၆ ရက် ) တနင်္ဂနွေနေ့တွင် မြန်မာအမျိုးသမီးသမဂ္ဂကိုဖွဲ့ စည်းတည်ထောင်အောင်မြင်ပါကြောင်း ဟူ၍ ဖော်ပြထားလေသည်။

မြန်မာအမျိုးသမီးသမဂ္ဂကို ဥက္ကဌအဖြစ်ရိက္ခာတော်ရ စည်ပင်သာယာမြေအရေးပိုင်ကတော် ဒေါ်ဒေါ်စု၊ အ ကျိုးဆောင်အတွင်းရေးမှူးအဖြစ် ဒေါ်ဖွားသစ်၊ တွဲဖက်အကျိုးတော်ဆောင်များအဖြစ် ဒေါ်ခင်စောနှင့် ဒေါ်လှ မေ (အာဇာနည် ဒီးဒုတ်ဦးဘချို၏ဇနီး) အမှုဆောင်များအဖြစ် တရားလွှတ်တော်ဝန်ကြီးကတော် ဒေါ်စော တင်၊ ရှူးဖိနပ်ကုမ္မဏီ ပိုင်ရှင်ဦးဘကြူးကတော် ဒေါ်စောခင်၊ မြို့တော်ဝန် ဦးသင်းမောင် ကတော်ဒေါ်တင်၊ ဆရာကြီးဦးဘသိန်းကတော် ဒေါ်ဌေး၊ ဒေါ်ငွေရင်၊ ဒေါ်ငွေရှင်နှင့်မော်တင်ဈေးမှ ဒေါ်မြမေ စသည့်အမျိုး  သမီးကြ်ီးများကဦးစီး၍ ကော်မတီဝင်အမှုဆောင်၂၀ ဖြင်တည်ထောင်ခဲ့ကြသည်။ ထိုစဉ်ကအသင်ဝင်ဦးရေ ၃၀၀ခန့်ရှိ၍ အမြို့မြို့အနယ်နယ်၌ အသင်းခွဲများဖွဲ့စည်းထားသည်။

အသင်း၏ရည်ရွယ်ချက်မှာ မြန်မာအမျိုးသမီးများ၏ အကျိုးကိုသယ်ပိုးဆောင်ရွက်ရန်၊ ပညာဗဟုသုတအ တွက်အားပေးရန်၊ မြန်မာလူမျိုးတို့၏ကိစ္စ တစုံတရာပေါ်ပေါက်လာပါက အသင်းကကူညီအား ပေးရန်တို့ ဖြစ်သည်။ အသင်းဝင်များ ဖတ်ရှုလေ့လာရန်စာကြည့်တိုက်ဖွင့်လှစ်ခြင်း၊ လူမျိုးခြားကိုလက်မထက်ဘဲ မြန်မာ ချင်းသာလက်ထက်ရန်နှိုဆော်ခြင်း၊ ဗုဒ္စဘာသာမြန်မာအချင်းခြင်း ကူညီရိုင်းပင်းရန်ဟောပြေားခြင်း၊ ဗုဒ္ဓဘာ သာစာပေ တိုးတက်အောင်ဆောင်ရွက်ခြင်း၊ အမျိုးသားပညာရေးကျောင်းများကို ကူညီအားပေးခြင်း  ပြည် တွင်းဖြစ်အထည်များကိုသာ ၀တ်ဆင်ရန်တိုက်တွန်းခြင်းစသဖြင့် ၀ံသာနုနှင့် နိုင်ငံရေးစိတ်ဓါတ်များနှိုးဆွပေး ခြင်း၊ ကုသိုလ်ရေးနှင့် ချွေတာရေး တိုကိုပါရှေးရှုလာကြသည်။

ဂျီစီဘီအေခေါ် မြန်မာတိုင်းရင်းသားအသင်းများ၏ အသင်းချုပ်ကြီး(General Council of Burmese Association- G-C-B-A) ၏မူဝါဒလုပ်ငန်းစဉ် အတိုင်းဆောင်ရွက်ခဲ့ကြပြီး ၊ ဂျီစီဘီအေ ပြည်လုံးဆိုင်ရာ ကွန်းဖရင့်သို့လည်း မြန်မာအမျိုးသမီးသမဂ္ဂမှ ကိုယ်စားလှယ်များတက်ရောက်ခွင့်ရခဲ့ပြီး အမျိုးသမီးရေးရာ ကိစ္စရပ်များကို အဆိုတင်သွင်းခဲ့ကြသည်။

ပဲခူးမြို့၌ကျင်းပခဲ့သော ဂျီစီဘီအေကွန်းဖရင့်သို့လည်း အမှုဆောင်အဖွဲ့ဝင်ဒေါ်စောတင် တက်ရောက်ပြီး မြန်မာအမျိုးသမီးများ မြူနီစီပါယ်လူကြီး၊ ဥပဒေပြုမင်းတိုင်ပင်အမတ် စသည့်တို့ဖြစ်ပါဝင်သင့်ကြောင်း အဆို တင်သွင်းနိုင်ခဲ့၍အမျိုးသမီးမြူနီစပါယ်နှင့် ဥပဒေပြုလွှတ်တော်ရွှေးကောက်ပွဲ များသို့ပါဝင်ယှဉ်ပြိုင်အရွေးခဲ့ ခွင့်များရရှိခဲ့ကြသည်။ ထိုအသင်း၏ဆောင်ရွက်မှုကြောင့် ဓါတ်ရထား၊ မီးရထားတို့၌ အမျိုးသမီးများသီးသန့် စီးနိုင်ရန် မိန်းမတန်းသပ်သပ်ပေး သည့်အထိအခွင့်အရေးများရရှိခဲ့သည်။

မြန်မာအမျိုးသမီးများ ပြည်တွင်းအ၀တ်အထည်များကိုသာ ၀တ်ဆင်အားပေးရန်ဤ်အသင်းကြီးက လှုံဆော် ပေးခဲ့ရုံမျမက အသင်းဝင်တိုင်းအစည်းအဝေး တက်ရောက်သည့်အခါနှင့်သာရေး၊ နာရေးကိစ္စကြီး ငယ်ပေါ် ပေါက်လာသည့်အခါတိုင်း၌ ပင်နီအကျီ၊ ယောထမီနှင့်ဒေါင်းပ၀ါများ လွှမ်းခြုံဝတ်ဆင်လာခဲ့ကြသည်ဤနေ ရာ၌မြန်မာနိုင်ငံ အမျိုးသမီးသမဂ္ဂကိုဦးစီးတည်ထောင်၍ ဥက္ကဋ္ဌ အဖြစ်ထမ်းရွက်ခဲ့သောဒေါ်ဒေါ်စု၏ အထ္ထုပ္ပတ္တိ ကိုဖော်ပြရန်လိုပါသည်။
 
ဒေါ်ဒေါ်စုကို မြန်မာသက္ကရာဇ် ၁၂၄၀ ပြည့်နှစ်ပြာသိုလပြည့်ကျော် ၆ ရက် တနင်္ဂနွေနေ့တွင် လက်ပံတန်းမြို၌ အဘဦးချောင်းလိန်၊ အမိဒေါ်နှင်းဦးတိုမှဖွားမြင်ခဲ့သည်။ မွေးချင်းငါးဦးအနက်အကြီးဆုံးဖြစ်သည်  ငယ်စဉ်က ပင် လက်ပံတန်းမြို့တွင်ပညာသင်ကြားခဲ့ပြီး၊ ၁၁ နှစ်သမီးအရွယ်တွင်မိခင်ကွယ်လွန်ခဲ့သဖြင့် စတုတ္တတန်း အထိသာ ကျောင်းပညာသင်ကြားခဲ့ရသည်။ ၁၂ နှစ်တွင်ဖခင်နှင့်အတူ မောင်ငယ်ညီမငယ်များကို အမကြီး အမိရာပမာ ဦးစီးအုပ်ချုပ်လာခဲ့သည်။

ထိုနောက် ၁၉၀၂ခုနှစ်တွင် ဇီးကုန်းတရားမရုံးစာရေးကြီးဦးဘိုးသောင်းနှင့် အိမ်ထောင်ပြု၍ ၁၉၀၆ ခုနှစ်တွင် ရန်ကုန်ြ့မို့သိုပြောင်းရွှေ့နေထိုင်ခဲ့သည်။ ဒေါ်ဒေါ်စုသည် ၁၉၁၈ ခုနှစ်မှစ၍၀ံသာနုစိတ်ဓါတ်များ နိုးကြား လာကာမြန်မာအမျိုးသမီးတို့၏ အခွင့်အရေးများကိုအစဦးဆုံး တိုက်ယူလှုပ်ရှားပေးခဲ့သော အမျိုးသမီးကြီးဖြစ် သည်။
 
၁၉၁၉ ခုနှစ်တွင် ဒေါ်ဒေါ်စု၏ဦးဆောင်မှုဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့သော မြန်မာအမျိုးသမီးသမဂ္ဂ၏စွမ်း ဆောင်မှုကြောင့် ကိုပြူးဆိုသူခေါ်ဆောင်၍ ပလောပီနံ (မလေး)ံ တွင်ရောက်ရှိကာဒုက္ခရောက်နေသော မြန်မာဆေးပေါလိပ် လိပ်သူများကိုဗြိတိသျှအစိုးရစရိတ်ဖြင့် အမိနိုင်ငံသို့ပြန်လည်ခေါ်ယူနိုင်ခဲ့သည်။ ထို့ပြင် ရန်ကုန်မြို့ရှိအမျိုးသမီးများ ဓါတ်ရထားစီးရာတွင်က္ကနြေ္ဒရရ မန္တလေးမြို့မှာကဲ့သို့ သီးသန့်စီးနိုင်ရန်ရထား ဘက်ဆိုင်ရာကုမ္ပဏီလူကြီးများဖြင့် ညှိနှိုင်း၍ စီစဉ်ပေးခဲ့ခြင်း၊ ပြည့်တန်ဆာအမျိုးသမီးများ နစ်နာမှုမရှိစေရန် အစိုးရအား ပြည်တန်ဆာ အက်ဥပဒေပြဋ္ဌာန်းပေးရန် တောင်းဆိုပေးခဲ့ခြင်း၊ သပိတ်မှောက်ကျောင်းများအား ထောက်ပံ့ပေးနိုင်ရန် စည်းရုံးလှုပ်ရှားပေးခဲ့ခြင်း တို့ကိုဆောင်ရွက်ပေးနိုင်ခဲ့သည်။
 
ဒေါ်ဒေါ်စုသည် ၁၉၂၀ ပြည့်နှစ်၌ရန်ကုန်မြို့လမ်းမတော်မြို့နယ် (၇) လမ်း၌ အောင်ဇေယျာမင်္ဂလာကျောင်း ကိုပွဲစားကြီးဦးဖော့နှင့် အတူတည်ထောင်၍ ကျောင်းအုပ်ဆရာမကြီးအဖြင့် ထမ်းရွက်ခဲ့သေးသည်။ တဖက်မှ လည်း အောင်မင်္ဂလာသုခ နှင့်အောင်ဇေယျာမင်္ဂလာ စာပုံနှိပ်တိုက်များကို တည်ထောင်ခဲ့သည်။

၁၉၂၀ပြည့်နှစ်မှ ၁၉၂၈ ခုနှစ်အထိ မြန်မာအမျိုးသမီးသမ၀ါယမအသင်း ဥက္ကဋ္ဌအဖြစ် လည်းကောင်း  ၁၉၂၃ ခုနှစ်မှစ၍ နှစ်စဉ်ဧပြီလရောက်တိုင်း ကလေးပြိုင်ပွဲ၌လည်းကောင်း၊ ကျန်းမာရေးပြပွဲ၊ ကျောင်းအားကစား ပြိုင်ပွဲ၊ ပန်းဥယျာဉ်ပြပွဲများ၌လည်း အုပ်ချုပ်ရေး အပိုင်းမှပါဝင်ဆောင်ရွက်ခဲသည်။

ထိုနောက် ရိက္ခာတော်ရမြေအရေးပိုင်မင်း ဦးဘိုးသောင်း၏ဇနီးဒေါ်ဒေါ်စုသည် နိုင်ငံရေး၊ လူမှုရေးလှုပ်ရှားမှု ကိုစွမ်းစွမ်းတမံ လှုပ်ရှားဆောင်ရွက်ကာ ၁၉၇၅ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့တွင် ကွယ်လွန်သွားခဲ့ လေသည်။ ဒေါ်ဒေါ်စု၏ခင်ပွန်း ဦးဘိုသောင်း သည်ဒေါ်ဒေါ်စု မကွယ်လွန်မီလွန်ခဲ့သော ၉ နှစ်ခန့်ကပင် ၁၉၄၈ ခုနှစ် ဧပြီလ ၈ရက်နေ့တွင်ကွယ် လွန်သွားခဲ့သည်။

မည်သို့ဆိုစေ……မြန်မာလွတ်လပ်ရေးကြိုးပမ်းမှု သမိုင်း၌အမျိုးသမီးများ၏ ရပိုင်ခွင့်များကို အမျိုးသမီးသမဂ္ဂ တည်ထောင်၍ စွမ်းစွမ်းတမံဆောင်ရွက်ပေးနိုင်ခဲ့သော ဒေါ်ဒေါ်စု၏လှုပ်ရှားဆောင်ရွက်မှုများသည် မှတ်တမ်း တင်ကျန်ရစ်နေမည်မှာ မလွဲဧကန်ပင်တည်း။

သန်းဝင်းလှိုင်
--------------------------------------------------------------------------------

(၁) စောမုံညင်း - မြန်မာအမျိုးသမီး ပါတောက်လှိုင်စာပေ ၊ ပထမကြိမ် ၁၉၇၆ ဧပြီလ ။
(၂) တက္ကသိုလ်ကြည်မာ- မြန်မာအမျိုးသမီးလောက ၊ ရန်ကုန် စာပေဗိမာန်ပုံတိုက် ၁၉၇၅။
(၃) မြန်မာ့ရက်စဉ်သမိုင်း(ပထမတွဲ) ၊သမိုင်းသုသေသနဦးစီးဋ္ဌာ ၂၀၀၉ ။

No comments:

Post a Comment