ကျနော် ဇောချွေးလို့သတ်မှတ်ရမယ့် ချွေးပျံနေပါတယ်။ မေးခွန်းတွေက ကျနော် အပိုင်ကျက် ထားတာတွေ မဟုတ်ပဲ အခြားမေးခွန်းတွေဖြစ်နေလို့ပါ။ ဘာပဲဖြစ်ဖြစ် ရတာတွေကိုပဲ ဆိုင်ဆိုင် မဆိုင်ဆိုင် ရေးထည့်လိုက်မယ်ကွာ ကံတရားပေါ့ ဆယ်တန်းစာမေးပွဲဆိုတာ နတ်ကြီး တယ်မဟုတ်လား တချို့ဆရာ/ဆရာမတွေ သနားပြီး အမှတ်ပေးလိုက်ရင် အောင်မှာပေါ့ဆိုပြီး ကျနော်ကျက်ထားတာတွေကိုအဖြေ လွှာပေါ်မှာ ရေးချလိုက်ပါတယ်...
"သားရေ ထတော့လေ အကြော်ဖိုမှာ အကြော် သွားယူရမယ်မဟုတ်လား ... ကိုယ်ကစော စောရောက်မှ..များများရမှာ..ထ..ထ"
ကျနော့်ရဲ့အိပ်မက်တွေထဲမှာ နွေးထွေးပြီးစည်းလုံးတဲ့ မိသားစုနဲ့ ဆယ်တန်းစာ မေးပွဲဟာမပါ မဖြစ်တဲ့ အိပ်မက်တွေပါ။ တိုက်ပွဲတွေကြောင့် ကျောင်းမဖွင့်နိုင်တဲ့ ဇာတိမြေကိုပဲ စိတ်နာရမ လားစိတ်တိုရမလား မသိခဲ့ပါဘူး။
ကျောင်းတွေမဖွင့် တိုက်ပွဲတွေဖြစ်နေတဲ့ ဇာတိတောင်ပေါ်မြေကနေ ကျောင်းတွေဖွင့်ပြီး တိုက်ပွဲတွေမရှိတဲ့ ရန်ကုန်မြို့ကြီးကို ကျောင်းတက်ဖို့ အဖိုးအဖွားတို့နဲ့ အတူနေလိုက်တာဟာ မှန်သလား၊ မှားသလားဆိုတာကိုတော့ ယနေ့အထိ အဖြေမသိသေးပါဘူး။ တောင်လှေ ကားထစ် စိုက်ခင်းတွေနဲ့လှပတဲ့ တောင်ပေါ်ရွာကလေးကနေ လူရှုပ်၊ ကားရှုပ်တဲ့ ရန်ကုန်မြို့ ကြီးကို ရောက်စက အတော့်ကိုကသိကအောက် နိုင်စွာနဲ့ပဲ ဖြတ်သန်းခဲ့ရပါတယ်။
ဇာတိမြေမှာ သီချင်းတွေ အော်ကြီးဟစ်ကျယ်ဖွင့်ပြီး လူစည်းကားတတ်တဲ့နေရာဟာ အလှူ အိမ်နဲ့ ဘုန်းကြီးကျောင်းလောက်သိခဲတဲ့ ကျနော့်ကို ဦးလေးက လ္ဘက်ရည်ဆိုင်ကို ခေါ် သွားပြီး လ္ဘက်ရည် တိုက်တော့ သီချင်းတွေ အကျယ်ကြီးဖွင့်ထားပြီး ၀တ်ကောင်းစားလှနဲ့ လူတွေ ၀င်လိုက်ထွက်လိုက်နဲ့ စည်ကားလှတဲ့ လ္ဘက်ရည်ဆိုင်တန်းတွေကိုတွေ့တော့ မြို့ပြဆိုတာ အင် မတန်မှ အလှူလုပ်တဲ့ နေရာပဲလို့ တလွဲကောက်ချက်ချမိပါတယ်။ နောက်မှ ဦးလေးပိုက်ဆံ ထုတ်ရှင်း တော့မှ အော် ပိုက်ဆံပေးရတဲ့ အလှူပါလားလို့ သိလိုက်ရပါတယ်။
မူကြိုကျောင်းစတက်တဲ့ အချိန်မှာ ငိုရင်မုန့်စားရတယ်ဆိုတဲ့ လျှို့ဝှက်ချက်ကိုသိသွားတဲ့ ကျနော် အခြားကလေးတွေကြားထဲမှာ မုန့်အများဆုံးစားရပြီး မူကြို ဆရာမရဲ့ ချစ်ခင်မှုကို အထူးရခဲ့ဖူးပါတယ်။
ဒီလိုနဲ့မူလတန်း အစဖြစ်တဲ့ သူငယ်တန်းကိုစတက်ရပါတယ်။ ကျောင်းစတက်တော့ အိမ်က ဆင်ပေးလိုက်တဲ့ အတိုင်း ၀တ်ပြီးတက်ပါတယ် ဆရာမက သမီးလို့ခေါ်ပြီး နေရာပြောင်း ထိုင် ခိုင်းလို့။ အတန်တန်ငြင်းပေမယ့် မိန်းခလေးထိုင်တဲ့ နေရာမှာပဲ ထိုင်ခိုင်းတဲ့အတွက် အတော် စိတ်ညစ်စရာပါ။ နောက်ဆုံး ဆရာမက ဘော်ဘီချွတ်ခိုင်းတော့မှ ရှင်းသွားပါတယ်။ အိမ်က ကျနော့်ကိုမိန်းခလေးဝတ်တဲ့ အ၀တ်အစားတွေ ၀တ်ပေးလိုက်လို့ပါ။ ကျနော့်အသိထဲမှာတော့ မိန်းခလေး ယျောက်ျားလေးဆိုတာ အ၀တ်အစားကို ကြည့်ခွဲတာလို့ မှတ်သားမိပါတယ်။
ကိုယ့်နဲ့ အတန်းအတူတက်နေတဲ့ သူငယ်ချင်းတွေကြားထဲမှာ မုန့်ဖိုး ၁၀ ပြား ဆိုတာနဲ့ မျက်နှာငယ်တယ် ဆိုတဲ့အသိကိုစရပြီး အတန်းထဲမှာ ခန့်မှန်းမေးခွန်း လို့ခေါ်တဲ့ ဆရာတွေ၊ ဆရာမတွေထုတ်တဲ့ (၂၀) ကျပ်တန် မေးခွန်းမိတ္ထူကို အခြားသူငယ်ချင်းတွေ ပြုံးပြုံးကြီး ၀ယ်နေကြပေမယ့် မ၀ယ်နိုင်လို့်ရှက်ပြီးငိုတဲ့အတွက် သူငယ်ချင်းတွေက အခြောက်လို့ ၀ိုင်းစ ကြတဲ့အခါ် အခြောက်ဆိုတာ ငိုတတ်ပါလား ဆိုတဲ့ အသိရခဲ့ပါတယ်။
ချွန်စရာမလိုတဲ့ ဘောပင်လ်ခဲတံ ဆိုတာတွေကို လူတိုင်းသုံးနေချိန်မှာ ခဲတံ အနောက်ကို တုတ်နဲ့ညှပ် သာရေပင်နဲ့ ပတ်ထားတာ ကျနော့်ခဲတံဆိုတာ တခန်းလုံးသိကြပြီး။ အတန်းထဲမှာ သန့်ရှင်းရေးကြေး၊ ဆရာကန်တော့ပွဲကြေး၊ ပျော်ပွဲ ရွှင်ပွဲနဲ့ နှုတ်ဆက်ပွဲကြေး စသဖြင့် မထည့်မနေရတဲ့ ကြေးတွေကို လိုက်ကောက်တဲ့ အတန်းမော်နီတာတွေရဲ့ ညိုညင်မှုကို အများ ဆုံးခံရတဲ့ ကျောင်းသား ဖြစ်ခဲ့ဖူးသူပါ။ လပတ်စာမေးပွဲမှာ အဆင့် (၁) ရရင် လိုချင်တာပြော ၀ယ်ပေး မယ်ဆိုလို့ BMX တစီးတောင်းခဲ့ဖူးပါတယ်။ စာမေးပွဲပြီးတိုင်း အဆင့် (၁) ကမ ဆင်းခဲ့ရပေမယ့် BMX အိပ်မက်ကတော့ ဖြစ်မလာခဲ့ပါဘူး။
အခက်အခဲ ဖြစ်နေသူတိုင်းကို စိတ်ရော ကိုယ်ပါကူညီတတ်ပေမယ့် ရန်ခဏခဏ ဖြစ်လွန်းလို့ "ဒီတခေါက်ရန်ဖြစ်ရင် ကျောင်းက အပြီအပိုင်ထုတ်ပစ်မယ်" လို့ ကျောင်းအုပ်ဆရာကြီးရဲ့ ဆူပူကြိမ်းမောင်းမှုကို (၁၀) ကြိမ်မက ခံခဲ့ရဖူးသူပါ။
အမှားတခုခု လုပ်မိရင် ကျောပြင်ကို ဗြောတင်လေ့ရှိတဲ့ အုပ်ထိမ်းသူတွေကြောင့် ဘာကိုမှမ စမ်းသပ်ရဲလောက်အောင် ကြောက်ခဲ့ရဖူးပါတယ်။ စိတ်ပါလက်ပါနဲ့စာကျက်ရင် တခေါက် တည်းနဲ့ အလွတ်ရတတ်တဲ့ ကျနော်ဟာ စိတ်မပါမိတဲ့ အန္တရယ်ကင်း ဂါထာတော် တပုဒ်ကြောင့် ခြေသလုံးအရှိုးရာထပ်ပြီး ကျောင်းမတက်ရဲလောက်အောင် အရှက်ရခဲ့ဖူးပါ တယ်။
ရလိုက်တဲ့အသိတရား ကတော့ ငါသာလူကြီးဖြစ်ပြီး အိမ်ထောင်ကျခဲ့ရင် မိသားစုကိုဘယ် တော့မှအကွဲမခံဘူး ဆိုတာရယ်။ ကိုယ့်သား၊ ကိုယ်သမီးကို အရွယ်မရောက်သေးပဲ ဘယ်သူ့ လက်ထဲကိုမှ မအပ်ဘူးဆိတာကိုရယ်ပါ။
အမေကိုချစ်တဲ့စိတ် မိသားစုနဲ့ အတူနေချင်လွန်းတဲ့ စိတ်တွေကြောင့် အဖေ မသေသေးတာကို သိသိကြီးနဲ့ ပထွေးကို အဖေခေါ်ပြီး အားလုံးတားနေတဲ့ကြားက အမေ့နောက်ကို လိုက်ခဲ့ ပါတယ်။ ကျနော့်အတွက်တော့ အပြင်လောကရဲ့ အသိ ပညာတွေ သင်ကြားပေးမယ့် ၀ါးခယ်မမြို့နဲ့ အမှန်တရားကို ချစ်တတ်အောင် သင်ကြားပေးမယ့် ကိုထွန်းဝင်းတို့ကို ဆုံဆည်း ပေးခဲ့မယ် ဆိုတာ ကြိုမသိခဲ့တာတော့ သေချာပါတယ်။
ကိုယ့်ကျောင်းစာရိတ် ကိုယ်ရှာဖို့ နေပူပူမှာ ခမောက်ဆောင်း တင်းတောင်း တလုံးကို ကျပ် (၅၀) နဲ့ ငြုပ်သီး အခူးလိုက်ပြီး ပိုက်ဆံစုခဲ့ပါတယ်။ တကယ်တမ်းကျောင်းဖွင့် ချိန်မှာတော့ "ဘွဲ့ရတဲ့သူတွေတောင် ဆိုက္ကားနင်းနေ ကြရတာ ကျောင်းတက်မနေပါနဲ့တော့ သားရယ်" ဆိုတဲ့အမေ့စကားကြောင့် ဆယ်တန်းအောင်ရင် ဆိုတဲ့ ကျနော့်အိပ်မက် ပလုံခဲ့ရပါတယ်။
ဒီလိုနဲ့ပဲ ကျနော့်ပုခုံးမှာ တောင်းတလုံးရောက်လာပြီး။ တလမ်းဝင်၊ တလမ်းထွက် ဆိုက္ကားဂိတ်၊ သင်္ဘောဆိပ်တွေကို လှည့်ရင်း အကြော်တခုကုန်ရင် ငါ့အတွက် ငါးမူး မြတ်တယ်ဆိုတဲ့ သင်္ချာကို ကောင်းကောင်း တွက်တတ်လာပါပြီး နှဖူးပေါ်ကျလာတဲ့ ချွေးတွေကို ဦးထုတ်နဲ့ သုတ်လိုက်ပါတယ် ပြီးတော့ "ယူကြဦး မလား အောင်ဗလကြော် သကြားဖွေးဖွေး" လို့ အော်ရင်း တလမ်းဝင် တလမ်းထွက်… ပေါ့။
ဒီလိုနဲ့ သိပ်မထူးခြားလှတဲ့ ကျနော့်နေ့တွေကို ၀ါးခယ်မမြို့ ရဲ့လမ်းတွေပေါ်မှာ အောင်ဗလ ကြော်တောင်းကို ထမ်းရင်း ကုန်ဆုံးခဲ့ပါတယ်။ မထူးခြားလှတဲ့ ကျနော့်နေ့ တွေထဲကို ထူးထူးခြားခြားဝင်လာတာကတော့ ၀ါးခယ်မမြို့ရဲ့ တခုတည်းသော မိဘမဲ့ပရဟိတဘုန်း တော်ကြီးကျောင်းမှ စေတနာ့ဝန်ထမ်း ကျောင်းဆရာလေး ကိုထွန်းဝင်းပါ။
နေ့လည် ၁၂ နာရီလောက်ဆိုရင် ကျနော် မိဘမဲ့ပရဟိတ ဘုန်းတော်ကြီးကျောင်း ရှေ့က သောက်ရေအိုးစင်လေးမှာ နေ့တိုင်းနားဖြစ်သလို ကျောင်းဆရာလေး ကိုထွန်းဝင်းကလည်း ဒီနေရာလေးမှာ စာအုပ်တအုပ်နဲ့ အမြဲရောက်လာနေကြပါ။ နေ့တိုင်းတွေ့ပါများတော့ ကျနော် တို့နှစ်ယောက် မျက်မှန်းတန်းမိလာပြီး တယောက်ကိုတယောက် မိတ်ဆက်မိကြပါတယ်။ ကျောင်းတက်ချင်ပေမယ့် ကျောင်းမတက်ဖြစ်တဲ့ ကျနော့်အကြောင်းကို သူသိသွားသလို သူကူးခတ်နေရတဲ့ သူ့ရဲ့ဘ၀တစုံတရာကိုလည်း ကျနော်သိခွင့်ရခဲ့ပါတယ်။
နောက် ကျနော့်လိုပဲ ကျောင်းတက်ချင်ပေမယ့် ကျောင်းမတက်ခဲ့ရသူတွေ အကြောင်း ကျနော်ကောင်းကောင်း သိခွင့်ရခဲ့သလို ကိုထွန်းဝင်းယူလာပေးတဲ့ စာအုပ်တွေနဲ့ မိဘမဲ့ပရဟိ ကျောင်းရှေ့က သောက်ရေအိုးစင်လေးဟာ ကျနော့်အတွက် အမှန်တရားကိုချစ်တတ်အောင် သင်ပေးတဲ့ ကျောင်းတကျောင်း ဖြစ်ခဲ့ပါတယ်။
အဲဒီတုန်းက ကျနော် ကျင်လည်ကျက်စားခဲ့တဲ့ ၀ါးခယ်မမြို့ကလေးဆိုတာ ဟင်းစားလည်းပေး ပြီး ကွန်ချက်လည်းရှိသေးကြောင်း သိစေခဲ့တဲ့ ထွန်းကားဆဲမြို့လေးတမြို့ဖြစ်ပါတယ်။ ဒီမြို့ကလေး မှာမထင်မှတ်ပဲ တွေ့ခဲ့ရတဲ့ ကိုထွန်းဝင်းကတော့ ကျနော့်ဘ၀ရဲ့ နံရံမဲ့ဘ၀ တက္ကသိုလ် ထဲမှ အဓိကဆရာတဦးပါပဲ။ ကျနော်လည်း ဘ၀မှာ သင်ကြားဆဲ ရေကြည်ရာ မြက်နုရာ ရှာဆဲ။ ထွန်းကားမယ့် မြို့ရွာလေးတွေမှာ နေချင်ဆဲ ဖြစ်ပါတယ်။
photoby 4.bp.blogspot.com
စမဂ္ဂ
03.may.2010
03.may.2010
ကိုယ်ပိုင်ရေးတာလား အခြားသူဆီကယူလာတာလား သိချင်ပါတယ်။ အတွေးတွေအများကြီးပေးလို့ အချိန်ကုန်ခံပြီးဘတ်ရကျိုးနပ်ပါတယ်။
ReplyDeleteကြိုက်တယ်ဗျာ ကိုယ်ပိုင်လားမသိဘူး ခံစားချက်အပြည့်ပါတယ် တင်ပြပုံကောင်းတယ်
ReplyDelete