Friday, October 24, 2008

ဒေါက်တာလွဏ်းဆွေ
နအဖတီဗွီမှ ထုတ်လွှင့်ပြသနေသည့် သတင်းတပုဒ်ကို ကြည့်ရှုနေရင်း ရှစ်လေးလုံး အရေးအခင်းကာလက နိုင် ငံရေးစကားဝိုင်းတခုတွင် နာကြားခဲ့ဖူးသည့် စကားတခွန်း နားထဲသို့ ပဲ့တင်ရောက်ရှိလာသည်။ “နိုင်ငံရေးလုပ် တယ်ဆိုတာ လှိုင်းစီးရသလိုပဲ။ လှိုင်းတွေက အဆက်မပြတ် တလုံးပြီးတလုံး တက်လာနေတယ်။ တချက်မှား တာနဲ့ လှိုင်းစီးသူဟာ မာယာများတဲ့ ပင်လယ်ထဲ စုန်းစုန်းမြုပ်သွားနိုင်သလို နိုင်ငံရေးမှာလည်း တချက်မျက်စိ လည်တာနဲ့ သွားမှာပဲ။ လုံးဝ အတိမ်းအစောင်းမခံဘူး။ ဆရာကြီးရွှေဥဒေါင်းတို့ ဆရာသိန်းဖေမြင့်တို့ကိုပဲကြည့်။ ဗိုလ်နေ၀င်း တချက်အလှည့်မှာ မျက်စိလည်သွားပြီး ခံလိုက်ရတာပဲ” ဆိုသည့် စကားကို ပြန်လည်ကြားယောင် နေမိခြင်းဖြစ်သည်။
တီဗွီဖန်သားပြင်ပေါ်တွင် ကောက်ကျစ်စဉ်းလဲသော နအဖ စစ်ဗိုလ်ချုပ်ကြီးများ၏ လက်အောက်ငယ်သား ရုပ် သေးစစ်ဗိုလ်ချုပ်များ၏ အသက်မပါသော အပြုံးများကို ယခင့်ယခင် အခါများကအတိုင်း ထူးမခြားနားစွာ တွေ့ မြင်နေရသည်။ ထူးခြားသည်က စင်မြင့်ပေါ်တွင် တမြေထဲနေ ညီနောင်လူမျိုးစုတိုင်းရင်းသား ခေါင်းဆောင်ကြီး တဦးက ရိုးသားအေးဆေးလှသည့် မျက်နှာအသွင်အပြင်နှင့် စကားပြောနေသည်ကို တွေ့မြင်ရခြင်းပင်ဖြစ် သည်။ ဗမာလူမျိုးကြီးဝါဒကို အစဉ်အဆက်ကိုင်စွဲခဲ့သော စစ်အုပ်စုဗိုလ်ချုပ်များနှင့် စစ်အာဏာရှင်စနစ်ကို နှစ် ရှည်လများ ရရာလက်နက်ဖြင့် စွဲကိုင်တိုက်ပွဲဝင်ခဲ့သည့် ခေါင်းဆောင်ကြီး၏ မျက်နှာပေါ်တွင် ပင်ပန်းဆင်းရဲလှ သည့် တော်လှန်ရေးခရီးကြမ်းတလျှောက် ဒုက္ခမျိုးစုံ ခါးစည်းရင်ဆိုင်ခဲ့ရသည်ကို သက်သေထူနေသည့် အရေး အကြောင်းများ အထင်းသား ပေါ်လွင်နေသည်။
ကြည့်ရင်းကြည့်ရင်း ကျနော်၏ မျက်စိထဲ၌ အေးဆေးတည်ကြည်စွာ စကားပြောနေသည့် တိုင်းရင်းသား ခေါင်း ဆောင်ကြီး၏ ရုပ်ပုံလွှာနှင့် သူ့အား ‘အဘ၊ အဘ’ ဟု ချစ်စနိုး ခေါ်ဝေါ်ကြသည့် ကျောင်းသားတပ်မတော် (အေဘီအက်စ်ဒီအက်ဖ်) တပ်ရင်း (၈) မှ ရဲဘော်တို့၏ ပုံရိပ်လွှာများ ရောယှက်ဝေ့၀ဲနေတော့သည်။ သူ့အား တပ်ရင်း (၈) ရဲဘော်များက ‘အဘ၊ အဘ’ ဟု ချစ်မြတ်နိုးစွာ ခေါ်ဝေါ်သံကို လွန်ခဲ့သည့် ဇန်န၀ါရီလ (၁၂) ရက် နေ့ မွန်းလွဲပိုင်းက သူးမွဲနီကျေးရွာရှိ ရဲဘော်ကိုပေါက်၏ တဲကလေးသို့ ရောက်ရှိခဲ့သည်တွင် ကျနော် စတင် ကြားဖူးခဲ့ခြင်းဖြစ်သည်။
• • • • •
ထိုနေ့မနက်က ကားနောက်ခန်းတွင် ကျနော်နှင့်အတူ ရဲဘော်နှစ်ယောက်၊ ကားရှေ့ခန်း ဒါရိုက်ဘာဘေးမှ ခုံ တွင် ကျောင်းသားတပ်မတော် တပ်ရင်း (၈) တပ်ရင်းမှူးတို့ လိုက်ပါပြီး သောင်းရင်းကမ်းနားသို့ ခရီးထွက်ခဲ့ကြ ခြင်းဖြစ်သည်။ ကျနော်က တပ်ရင်း (၈) သို့ အလည်အပတ်လိုက်ချင်သည်ဟု တပ်ရင်းမှူးကို ပြောထားသည် မှာ နှစ်ပတ်လည်လုနီးပါးရှိပြီဖြစ်သော်လည်း သူတို့သွားသည့်အချိန်နှင့် ကျနော်အားသည့်အချိန် မတိုက်ဆိုင် ၍ ယခင်အခေါက်များက မလိုက်ပါဖြစ်ခဲ့။ ဒီတခေါက်တော့ လိုက်ဖြစ်အောင်ကိုလိုက်မည်ဟု သန္နိဌာန်ချပြီး ဇန် န၀ါရီလဆန်းပိုင်းကတည်းက အလုပ်တွေလက်စသပ်ကာ လမ်းကြောင်းရှင်းထားခြင်းဖြစ်သည်။
တနာရီကျော်ခန့် မောင်းပြီးနောက် ကားက ဘဲကလော့ (မယ်လ) ဒုက္ခသည်စခန်းသို့ ဆိုက်ရောက်လာသည်။ ကျနော်က ဘဲကလော့ ဒုက္ခသည်စခန်းကို အပြင်မှနေ၍ အသွားအပြန် သုံးကြိမ်ခန့် ဖြတ်သွားဖူးသော်လည်း စခန်းအတွင်းသို့မူ ထဲထဲဝင်ဝင် မရောက်ဖူးပေ။ ယမန်နှစ်က မယ်ဆရီယန်းမှအပြန် ပထမအခေါက်တွင် ဘဲက လော့ ဂိတ်ဝတနေရာရှိ ကားမောင်းပို့သူ နော်ဘားဘလွတ်တို့ ကရင်ညီမငယ်နှစ်ဦး၏ မိဘများအိမ်သို့ ခဏတ ဖြုတ် ၀င်နားဖူးသည်မျိုးသာရှိသည်။ ထိုအခေါက်က ကျနော်နှင့် ကိုဇော်ကြီး (ကဗျာဆရာ သစ်ကောင်းအိမ်) တို့ စားရကံကြုံသဖြင့် နော်ဘားဘလွတ်တို့အိမ်မှ တည်ခင်းသည့် မုန့်ဟင်းခါးစားခဲ့ရသည်ကို အမှတ်ရနေမိ သည်။ သူတို့ညီအစ်မနှစ်ဦး၏ အိမ်တွင် ဒုက္ခသည်ကလေးငယ်များအတွက် မူကြိုကျောင်းကလေး တွဲဖက်ဖွင့် လှစ်ထားပြီး သူတို့၏မိခင်က ကြည့်ရှုစောင့်ရှောက်ထားရသည့် ကလေးငယ်လေးများကိုလည်း တွေ့ခဲ့ရသည်။
ယခုတခေါက် ဘဲကလော့စခန်းသို့ ကားဆိုက်သည့်အခါတွင် ကျနော်ဝင်နားခဲ့ဖူးသည့် နော်ဘားဘလွတ်တို့ အိမ်ရှိရာ ဂိတ်ဝကို သတိတရ ရှာဖွေကြည့်မိသော်လည်း မည်သည့်ဂိတ်ဝမှန်း ကျနော်မမှတ်မိတော့။ ဘဲက လော့ ဒုက္ခသည်စခန်းကား စခန်းဟိုဘက်ထိပ် သည်ဘက်ထိပ်ကို လမ်းလျှောက်လျှင် တနာရီကျော်ကြာသည် ဟု တပ်ရင်းမှူးက ပြောပြသည့်အခါမှ ဤမျှကျယ်ဝန်းရှည်လျားပြီး အ၀င်ဂိတ်ဝတွေများသည့်အတွက် ကျနော် မမှတ်မိခြင်းဖြစ်မည်ဟု တွေးမိလေတော့သည်။ တဆက်တည်းမှာပင် စစ်အုပ်စုအဆက်ဆက် ပေးခဲ့၊ ပေးနေဆဲ ဒုက္ခများက တိုင်းဆ၍မရအောင်ပင် ကြီးမားလွန်းပေစွဟုလည်း ကျနော်စဉ်းစားနေမိပါသည်။
ဒုက္ခသည်စခန်းအတွင်း နိမ့်မြင့်တောင်ကုန်းလေးများပေါ်တွင် စစ်အုပ်စုအဆက်ဆက်၏ ဖိနှိပ်ရက်စက်မှု ကြောင့် မြန်မာနိုင်ငံအတွင်းမှ ထွက်ပြေးတိမ်းရှောင်လာကြရသည့် နိုင်ငံရေးဒုက္ခသည်၊ စစ်ပြေးဒုက္ခသည်၊ ဘာ သာရေးဒုက္ခသည် လူမျိုးပေါင်းစုံ ခိုလှုံနေထိုင်နေကြသည့် တဲအိမ်ကလေးများကို အစီအရီ တွေ့ရသည်။ အဝေး ကကြည့်လျှင် မှိုင်းညို့ညို့တောင်ကြီးနောက်ခံနှင့် မြင်တွေ့ရသည့် ဘဲကလော့ ဒုက္ခသည်စခန်းသည် ရှုမော၍မ ဆုံးသည့် ပန်းချီကားတချပ်သဖွယ်ပင်။ ထိုပန်းချီကားကို ကားလမ်းမပေါ်မှ ရပ်ငေးနေရင်း “ဒုက္ခတဲ့ … အဝေးက ကြည့်တော့လည်း ရသပေါ့” ဆိုသည့် သစ်ကောင်းအိမ်၏ ကဗျာစာသားလေးကို သတိရမိကာ သက်ပြင်းရှည်ကြီးတချက် မှုတ်ထုတ်လိုက်မိသည်။ ဤဘဲကလော့ (မယ်လ) ဒုက္ခသည်စခန်းသည် ထိုင်း-မြန် မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများအနက် ဒုက္ခသည် အများဆုံးနေထိုင်သည့် အကြီးမားဆုံး ဒုက္ခသည်စခန်းကြီး ဖြစ်သည်ဟု သိရပြီး မြို့ကြီးတမြို့စာမက ကြီးမားကျယ်ဝန်းသည်ကို ကျနော် မျက်ဝါးထင်ထင် မြင်တွေ့နေရ သည်။
ထို့နောက် စာကြည့်တိုက်ကို ကြီးကြပ်သူ တပ်ရင်း (၈) မှ ကိုထော်ကြီးက သူနေထိုင်ရာ အိမ်ဘေးရှိ အင်္ဂတေ ကာ အုတ်ကြွပ်မိုးတို့ဖြင့် ဆောက်လုပ်နေဆဲ မူကြိုကျောင်းကလေးရှိရာသို့ ကျနော့်ကို ခေါ်သွားသည်။ ဂျပန်မှ သစ္စာအင်အားစု၊ သစ္စာတော်လှန်ရေးစာပေမဂ္ဂဇင်း ထုတ်ဝေသူ ရဲဘော်များနှင့် နိုင်ငံတကာရောက် ရဲဘော်များ ၏ အကူအညီဖြင့် ဤမူကြိုကျောင်းကလေးကို ဆောက်လုပ်ခြင်းဖြစ်ပြီး ယခုနှစ် ကျောင်းဖွင့်ရာသီအမီ ဖွင့်လှစ် နိုင်မည်ဟု ကိုထော်ကြီးက ပြောပြသည်။ ထို့နောက် ကျောင်းဟောင်းရှိရာသို့ လိုက်ပြဦးမည်ဆိုသည့်အတွက် ကွေ့ပတ်ကာလျှောက်သွားပြီး တံတားငယ်ကလေးတခုကို ကျော်လိုက်သည့်အခါ ‘YAMOUNNAR’ ဟု အင်္ဂ လိပ်လို ရေးထိုးစိုက်ထူထားသည့် နီညိုရောင် ဆိုင်းဘုတ်ကလေးကို ခန့်ညားစွာ တွေ့ရသည်။ ကျောင်းကလေး မှာမူ အင်ဖက်မိုး၊ ထရံကာနှင့် အိုဟောင်းဆွေးမြေ့နေပြီဖြစ်သည်။ ကျောင်းကလေးနှင့် ကပ်လျက်ရှိ ချောင်း ငယ်လေးထဲတွင် ယောင်္ကျားကလေးတချို့ ရေစပ်စပ်၌ ငါးရှာနေကြသည်လားမသိ၊ ကုန်းကုန်း ကုန်းကုန်းနှင့် အလုပ်ရှုပ်နေကြသည်ကို တွေ့ရသည်။ ကျနော်က တံတားကလေးအတိုင်းပြန်ဆုတ်ကာ တဖက်ခပ်လှမ်းလှမ်း မှနေ၍ ကျောင်းကလေးကို ကင်မရာဖြင့် မှတ်တမ်းတင်နေမိသည်။
သေကွဲရှင်ကွဲ လောကဓံများ
ဒို့ခေတ်မှာ ပိုများတယ်။
… … … … … … …
‘မာနယ်ပလော’ အကျ
ကောင်းကင်မရှိခဲ့တဲ့ အဲ့ဒီည
ငါတို့တပ်ရင်းမှူး ကျခဲ့တဲ့ည
ငါတို့ ကောက်ကာငင်ကာ နွမ်းပါးသွားခဲ့တာတွေ။
… … … … … … …
နိုင်ငံခြားသားက ဒုက္ခသည်စခန်းကို လာပြီး
ဒုက္ခသည်က နိုင်ငံခြားကိုသွားတယ်
ငါတို့က အသနားခံရမှာလား
သနားရမှာလား
အဟောင်းကို အကောင်းလုပ်ပေးလည်း
အလှူရှင်ဖြစ်တတ်တာပါပဲ။
ဒီပဲယင်းနဲ့ လမ်းပြမြေပုံက
နှစ်လသာ ခြားပေမယ့်
ဒီနှစ်လအတွင်းမှာ
နှစ်ခြမ်းခြားသွားတာလည်း
ခေတ်ပါပဲလေ။
သံလွင်ကမ်းဘေးမှာ
သဲတွေကို လက်နဲ့ထိုးထိုးဖွ
‘သားကို ဆေးကုဖို့ငွေ
အဖေမရှာနိုင်တော့ဘူး သားရယ်’ ။
… … … … … … …
… … … … … … …
‘ကဲ … ကဲ … ချီတက်ကြမယ်’ ဆိုသည့် တပ်ရင်းမှူး၏ လောဆော်သံကိုကြားမှ ကင်မရာကို အိတ်ထဲပြန်ထည့် ရင်း ကားရှိရာသို့ အပြေးအလွှား ပြန်လျှောက်လာခဲ့သည်။ အမိုးဖွင့်ကား နောက်ခန်းပေါ်တွင် နောက်ထပ်ရဲ ဘော်ငါးဦး ကျောပိုးအိတ်ကိုယ်စီနှင့် ထိုင်နေကြသည်ကို တွေ့ရသည်။ ကားထွက်ပြီးမကြာမီ စစ်ဆေးရေးဂိတ် တခုကို ဖြတ်ရသည်။ ထိုမှ မိနစ်(၂၀) ခန့် စီးလာပြီးသည့်နောက် သောင်ရင်းမြစ်ရေ စိမ်းညို့ညို့ကို မြင်ရတော့ သည်။

စက်လှေက သောင်ရင်းမြစ်ကို ကန့်လန့်ဖြတ်ခုတ်မောင်းနေသည်။ တောင်မှမြောက်သို့ ပြောင်းပြန်စီးဆင်းနေ သည့် သောင်ရင်းမြစ်ရေပြင်ကို ငေးစိုက်ကြည့်ရင်း “ပြောင်းပြန်စီးသောမြစ်လိုပဲ xxx ကိုယ့်ရဲ့ဘ၀ဟာ xxx အစီ အစဉ်မှန်သမျှ လွဲချော်နေ xxx အားလုံးပြောင်းပြန်ပဲ xxx” ဟူသည့် အဆိုတော်စံလင်း၏ သီချင်းစာသားကို ကျနော် ခပ်ဖွဖွ ညည်းဆိုနေမိသည်။ ကျနော်နှင့်အတူ စက်လှေစီးလာသည့် တခရီးတည်းသွားများသည် အေ ဘီအက်စ်ဒီအက်ဖ် ကျောင်းသားတပ်မတော် တပ်ရင်း(၈)မှ တပ်ရင်းမှူးနှင့် ရဲဘော်များဖြစ်ကြသည်။
ရဲဘော်များသည် ကျောင်းသားအရွယ်တွေဖြစ်လင့်ကစား သမိုင်းခေတ်၏ တောင်းဆိုချက်အရ လက်နက်ကိုင် တော်လှန်ရေးသမားတွေ ဖြစ်နေကြရသည်။ ပညာရှာဖွေ ဆည်းပူးနေကြရမည့်အစား ရက်စက်ကြမ်းကြုတ် သည့် စစ်အာဏာရှင်စနစ်ကို အမြစ်ပါမကျန် ဖယ်လှန်နိုင်ရေးအတွက် လက်နက်စွဲကိုင် တိုက်ပွဲဝင်နေကြရ သည်။ တပ်ရင်းမှူးဆိုလျှင်လည်း အင်ဂျင်နီယာဘွဲ့ကို စွန့်လွှတ်ကာ လက်နက်ကိုင်တော်လှန်ရေးထဲ ဘ၀ကို နှစ်မြှုပ်ခဲ့ရသည်။ ကျနော်သည်လည်း နားကျပ်ကို ဆောင်ရမည့်အစား ကလောင်လက်နက်ကို ကိုင်စွဲကာ ကျောင်းသားရဲဘော်များနည်းတူ မြန်မာပြည်လွတ်မြောက်ရေးတိုက်ပွဲထဲ ရောက်ရှိနေရသည်။ ဒါတွေသည်ပင် ကျနော်တို့ဘ၀တွေ၏ အစီအစဉ်လွဲချော်မှုတွေဖြစ်ပြီး ထိုအစီအစဉ်လွဲချော်မှုတွေကပင် အနာဂတ်မြန်မာနိုင်ငံ သားတွေအတွက် ကောင်းကျိုးချမ်းသာကို အစီအစဉ်တကျ ဖြစ်ထွန်းပေါ်ပေါက်စေလိမ့်မည်ဟု ယုံကြည်မျှော် လင့်နေမိလေသည်။
လှေဦးက ကမ်းစပ်ကို ဆောင့်မိပြီး တုန့်ခနဲဖြစ်သွားမှ အတွေးနယ်ချဲ့နေသည့်ကျနော် ဖျတ်ကနဲ အသိပြန်ဝင် လာသည်။ မြန်မာဘက်ကမ်းသို့ လှေကပ်ပေပြီ။ ကျနော် ခပ်မြန်မြန်ရပ်လိုက်ပြီး ကမ်းစပ်နှင့်ထိတွေ့နေသည့် လှေဦးထိပ်သို့ ဒယီးဒယိုင်လျှောက်သွားသည်။ ပြီးမှ ရင်ခုန်စွာဖြင့် ကမ်းပေါ်သို့ ခုန်ချလိုက်သည်။ အမိမြေပေါ် ကို ခြေအစုံချနင်းမိသည်နှင့် “ဒါတို့ပြေ xxx ဒါတို့မြေ xxx တို့ပိုင်တဲ့မြေ xxx” ဆိုသည့် ဖီလင်ထူးကို ကျနော် စီးစီးပိုင်ပိုင် ခံစားလိုက်ရသည်။
ထို့နောက် တပ်ရင်း(၈)ရှိ ရဲဘော်တွေအတွက် လက်ဆောင်ယူလာသည့် ရိက္ခာအထုပ်တွေကိုသယ်ရန် ကျနော် လိုက်ရှာသည်။ ကျနော့်အထုပ်တွေအား တပ်ရင်းမှူးက ကိုင်ထားပေးလျက်သားတွေ့ရသည့်အတွက် တပ်ရင်း မှူးကို ကျနော် အားနာသွားမိသည်။ တပ်ရင်းမှူးက “ကျနော်သယ်ခဲ့မယ် ဓာတ်ပုံပဲရိုက်ပါ” ဟု လှမ်းပြောသည်။ ကျနော်ကလည်း ဓာတ်ပုံမှတ်တမ်းတင်ချင်ဇောကြီးနေသည်မို့ “ကျေးဇူးပဲ တပ်ရင်းမှူး” ဟုပြောပြီး လှေဆိပ်အ ဆင်းအတက် လှေကားထိပ်သို့ပြေးကာ အပေါ်စီးမှရပ်၍ ထိုင်းဘက်ကမ်းသို့ ဓာတ်ပုံတဖျတ်ဖျတ်ရိုက်တော့ သည်။ ရောက်ခဲလတ်သည့် နယ်မြေတခုဖြစ်သည့်အတွက်လည်း ကျနော့်မှာ ရောက်တုန်းရောက်ခိုက် ဓာတ်ပုံ ရိုက်လို့မ၀ ဖြစ်နေသည်။
ဓာတ်ပုံရိုက်ပြီး သမင်လည်ပြန်လှည့်အကြည့်တွင် လှေကားထိပ်ရှိ ကင်းတဲမှ ကေအန်အယ်လ်အေ တပ်မဟာ (၇)၏ အစောင့်ရဲဘော်တချို့နှင့် တပ်ရင်းမှူးတို့ ကျောင်းသားတပ်မတော် ရဲဘော်တသိုက် အပြန်အလှန် သ တင်းဖလှယ်နေကြသည်ကို တွေ့ရသည်။ ကျနော့်နားထဲ “အဘပြန်ရောက်နေပြီ” ဟူသည့် ပြောဆိုသံကို ထူး ထူးခြားခြား သတိထားမိသည်။ သို့သော် အဘဆိုတာ ဘယ်သူလဲဆိုသည်ကိုမူ ကျနော် မစပ်စုမိ။ မြေကြီးပေါ် တွင်ချထားသည့် လေးထောင့်ပလပ်စတစ်ခြင်းပုံးအနီထဲမှ ၀က်ပေါက်ကလေးနှစ်ကောင်ကိုသာ ကျနော်ငေး ကြည့်နေမိသည်။ တပ်ရင်းရိက္ခာအတွက် မွေးမြူရန် ဘဲကလော့ဒုက္ခသည်စခန်းမှ ၀ယ်လာခဲ့ခြင်းဖြစ်ကြောင်း ရဲဘော်တဦးက ကျနော့်ကိုပြောပြသည်။ ထို့နောက် ရဲဘော်များက အထုပ်အပိုးများနှင့် ၀က်ပေါက်ကလေးနှစ် ကောင်ကို ထမ်းပိုးပြီး တပ်ရင်းရှိရာ စခန်းကုန်းသို့ ချီတက်သွားနှင့်ကြသည်။ တပ်ရင်းမှူး၊ ကျနော်နှင့် ကျန်ရဲ ဘော်နှစ်ဦးက ကမ်းနားရှိ ရဲဘော်ကိုပေါက် (ယခု အေဘီအက်စ်ဒီအက်ဖ် ဗဟိုကော်မတီဝင် - စည်းရုံးရေးမှူး) နေထိုင်ခဲ့ရာ တဲအိမ်ကလေးတွင် ခရီးတထောက်အနားယူရန် ချီတက်ခဲ့ကြသည်။
တွင် သူအိပ်ခဲ့သည့် ကြိုးပုခက်၊ ချက်စားသည့် အိုးခွက်ပန်းကန်အချို့နှင့် ထင်းမီးဖိုကလေးကိုသာတွေ့ရသည်။ ၀ါးခြမ်းကျဲတံခါးနှင့် သော့ခတ်ပိတ်ထားသည့် အခန်းကျဉ်းလေးထဲသို့ ချောင်းကြည့်လိုက်သည့်အခါ သေနတ် တလက်၊ စက်ပစ္စည်းတချို့၊ ၀ါယာကြိုးများနှင့် သူဖတ်ရှုခဲ့သည့် စာအုပ်များ၊ ရေးမှတ်ခဲ့သည့် စာရွက်စာတမ်း များ ၀ါးကြမ်းခင်းပေါ် ပြန့်ကျဲနေသည်ကို တွေ့ရသည်။
သူသည် လက်နက်ကိုင်တော်လှန်ရေးအပြင် စာပေ(ကလောင်)ကိုပါ တိုက်ပွဲလက်နက်အသွင် ပေါင်းစပ်ကိုင်စွဲ ထားသူတဦးဖြစ်သည့်အတွက် သူ၏ ကလောင်အမည် ‘ကမာပုလဲ’ ကို တွေ့တိုင်း ကျနော် အလေးအနက်ထား ဖတ်ရှုဖြစ်ခဲ့သည်။ ရင်ဘတ်ချင်းလည်း သူနှင့်ကျနော် ပို၍ နီးနီးကပ်ကပ် ရှိခဲ့ကြသည်။ ကြိုးပုခက်ဆင်ထား သည့်ဘေး ၀ါးနံရံတွင် သူအမြတ်တနိုး ကပ်ထားသည့် ကမ္ဘာကျော်ဘောလုံးသမားပုံအချို့ကို တွေ့ရသည်။ ကျ နော်က လက်နက်ကိုင်တော်လှန်ရေးနှင့် သူ၏ဘ၀၊ ကမာပုလဲနှင့် သူ၏ဘ၀၊ ရော်နယ်လ်ဒင်ဟို၊ မက်ဆီ၊ ဘာစီ လိုနာ ဘောလုံးသမားများနှင့် သူ၏ဘ၀၊ တဲရှေ့ ၀ါးရုံပင်တွေအောက်ရှိ နွယ်ကြိုးခွေကြီးပေါ်က သူ၏ဘ၀တို့ကို စိတ်ကူးဖြင့် မှန်းဆကြည့်ရင်း သူနေထိုင်ခဲ့ရာ တဲတွင်းတဲပြင်တ၀ိုက်ကို ကင်မရာဖြင့် မှတ်တမ်းတင်နေမိသည်။
ကျနော်နည်းတူပင် ပါဝါမျက်မှန်တပ်၊ လျှာထိုးဦးထုပ်ဆောင်းထားသည့် ရဲဘော်တဦးကလည်း ကိုပေါက်နေ ထိုင်ခဲ့ရာ တဲတွင်းတဲပြင်ကို ဗွီဒီယိုကင်မရာဖြင့် မှတ်တမ်းတင်ရင်း ပါးစပ်မှလည်း အင်္ဂလိပ်လိုတွေ တယောက် တည်း ပြောနေသည်။ သူရိုက်ကူးနေသည့် မှတ်တမ်းအရုပ်တွေအတွက် နောက်ခံစကားပြောကို တပါတည်း သွင်းနေဟန်တူသည်။ သူ မည်သူမည်ဝါမှန်း ကျနော်မသိ။ ကားစီးလာတုန်းက စကားအနည်းငယ် ပြောဖြစ် သော်လည်း အချင်းချင်း မိတ်မဆက်မိခဲ့။ တဲပေါ်သို့ သူတက်လာသည့်အခါမှ တပ်ရင်းမှူးက ကျနော့်ကို သူနှင့် မိတ်ဆက်ပေးသည်။ ထိုအခါကျမှ သူသည် အေဘီအက်စ်ဒီအက်ဖ် ရဲဘော်ဟောင်း ကိုမင်းဆန်းမင်းဖြစ် ကြောင်းနှင့် အမေရိကန်နိုင်ငံမှ ခေတ္တအလည်အပတ် လာရောက်ခြင်းဖြစ်ကြောင်း သိရသည်။
တပ်ရင်းမှူး၊ ကျနော်နှင့် ပစ္စည်းကူသယ်ပေးသူ ရဲဘော်ကိုရဲနောင်တို့သုံးဦး တပ်ရင်းမှူးယူလာသည့် စမူဆာ၊ ကောက်ညှင်းပေါင်းနှင့် ကျနော်ထည့်လာသည့် ထမင်း၊ ကြက်ဥဘိုစားပဲသီးကျော်တို့ကို အဆာပြေ ဖြည်စားကြ သည်။ ကိုမင်းဆန်းမင်းကမူ ဗိုက်မဆာလို့ဟုဆိုကာ ထမင်းဝင်မစား။ ကျနော်တို့သုံးဦး စားသောက်နေသည်ကို ဗွီဒီယိုကင်မရာဖြင့် မှတ်တမ်းတင်နေသည်။ တပ်ရင်းမှူးက ထမင်းစားနေရင်း နအဖစစ်အုပ်စုနှင့် သွားရောက် တွေ့ဆုံဆွေးနွေးခဲ့သည့် ကေအန်အယ်လ်အေ တပ်မဟာ(၇)မှူး ဗိုလ်ချုပ်ထိန်မောင် ဒီကနေ့မနက်ပဲ ပြန် ရောက်လာသည်ဟု ကျနော့်ကို ပြောပြသည်။ ထိုအခါကျမှ လှေဆိပ်အတက်တွင် ကျနော့်နားထဲ သတိထားမိခဲ့ သည့် ‘အဘ’ ဆိုသည်မှာ ဗိုလ်ချုပ်ထိန်မောင်ကို ပြောခြင်းဖြစ်ကြောင်း သိရတော့သည်။ ထို့နောက် ပန်းကန် ခွက်ယောက်တွေ ဆေးကြောပြီး တပ်ရင်း(၈)ရှိရာ စခန်းကုန်းပေါ်သို့ ကျနော်တို့လေးဦး ချီတက်ခဲ့ကြသည်။

တောကြီးမျက်မဲထဲတွင် လမ်းပျောက်ခြင်းမဟုတ်ဘဲ တောအစပ်ကလေးတွင်ပင် ကျနော်တို့နှစ်ယောက် လမ်းစ ပျောက်နေခြင်းဖြစ်သည်။ ရှေ့တန်းစစ်မျက်နှာဖြစ်၍ မိုင်းတွေဘာတွေ ထောင်းထားလျှင် ဒုက္ခဟုတွေးပြီး ဆက် မလျှောက်ရဲဘဲ အကူအညီတောင်းဖို့ လူသူအရိပ်အယောင်ကို ရှာဖွေနေမိသည်။ သို့သော် မတွေ့။ စခန်းကုန်း ပေါ်သို့ ရောက်ရန်အတွက်လည်း ဘယ်လောက်အထိ ဆက်လျှောက်ရဦးမည်ကို ကျနော်တို့မသိ။ ပတ်ပတ် လည်တွင် သစ်ပင်ဝါးရုံတွေကိုသာ တွေ့နေရသည်။ နောက်ကနေ ကျနော်တို့ ပါမလာရင် တပ်ရင်းမှူးတို့ ပြန် လာခေါ်မှာပဲဟုတွေးပြီး လမ်းနှစ်ခွတွေ့ရာတွင် နှစ်ဦးသား အတန်ကြာရပ်စောင့်နေမိသည်။ ထိုစဉ် လူတဦးပြေး လာသည်ကို သစ်ပင်ဝါးရုံပင်များကြားတွင် ရိပ်ကနဲ တွေ့ရသည်။ အနားရောက်လာလျှင် အကူအညီတောင်း ရန်အတွက် ကျနော်တို့နှစ်ယောက် မျက်တောင်မခတ်ဘဲ စောင့်ကြည့်နေကြသည်။
မျှော်တုန်းမျှော်ဆဲ သူလည်းပေါ်လာဆိုသလို တောအစပ်ချုံအကွယ်မှ ဘွားကနဲ ထွက်ပေါ်လာသူမှာ ရဲဘော်ကို ရဲနောင် ဖြစ်နေ၍ လမ်းစပျောက်နေသော ကျနော်တို့နှစ်ဦး၏ မျက်နှာများ ၀င်းကနဲ ဖြစ်သွားကြသည်။ ကိုယ် ပေါ် ပြောက်ကျားအင်္ကျီရုံပြီး ဘောင်းဘီတိုနှင့် ပြေးလာသူ ကိုရဲနောင်က “ဆရာတို့နှစ်ယောက် ဘာတွေများဖြစ် နေလဲမသိဘူး၊ နောက်ကြောင်းပြန် လိုက်ကြည့်စမ်းလို့ တပ်ရင်းမှူးက အမိန့်ရှိလို့ အမြန်ပြန်ပြေးလာတာ” ဟု အမောတကော ဆီးပြောသည်။ ကျနော်က ကိုရဲနောင်အား “ဆောရီးပဲ၊ ကျနော်တို့နှစ်ယောက် သူးမွဲနီဆေးခန်း ထဲ ခဏ၀င်ကြည့်ပြီး ဓာတ်ပုံ၊ ဗွီဒီယိုမှတ်တမ်းတွေ လျှောက်ရိုက်နေလို့ နောက်မှာပြတ်ကျန်ခဲ့တာ” ဟု တောင်း ပန်စကား ဆိုလိုက်သည်။ ကိုရဲနောင်က “ဒါဆို ချီတက်ကြမယ်၊ ဆရာတို့ကို တပ်ရင်းမှူး ရပ်စောင့်နေတယ်” ဟုပြော၍ သူ့နောက်မှ ခပ်သုတ်သုတ် လိုက်လျှောက်ကြတော့သည်။
တကိုယ်စာ လူသွားလမ်းကျဉ်းလေးအတိုင်း လျှောက်လာပြီးနောက် မိနစ်ပိုင်းအတွင်းမှာပင် တပ်ရင်းမှူးကို လှမ်းတွေ့ရသည်။ တပ်ရင်းမှူးက အပြုံးနှင့်ဆီးကြိုရင်း အကျိုးအကြောင်း မေးမြန်းသည်။ ထို့နောက် ကျနော် တို့လေးယောက် ခပ်ပြေပြေတက်သွားသော အကွေ့အကောက် တောလမ်းကျဉ်းလေးအတိုင်း ဆက်လျှောက် ကြသည်။ တပ်ရင်းမှူးနှင့် ရဲဘော်ကိုရဲနောင်က ပစ္စည်းတွေသယ်ပြီး ရှေ့မှလျှောက်ကြသည်။ ကျနော်နှင့် ကို မင်းဆန်းမင်းက ဘေးဘီကို စပ်စုရင်း နောက်မှလိုက်ကြသည်။ ဘေးပတ်ပတ်လည်တွင် အင်ပင်ကြီးများ၊ ၀ါးရုံ ပင်များ ကာဆီးနေပြီး မွန်းလွဲနေပြောက်များက ကျနော်တို့အပေါ် ဟိုတကွက်ဒီတကွက် ထိုးကျနေသည်။
“ကုန်းပေါ်ရောက်ဖို့ ဘယ်လောက်ကြာကြာ ဆက်လျှောက်ရဦးမလဲ” ဟု မေးချင်စိတ်ပေါ်မိသော်လည်း ရှေ့မှ ပစ္စည်းတွေသယ်ပိုးပြီး လျှောက်နေကြသည့် တပ်ရင်းမှူးနှင့် ရဲဘော်ကိုရဲနောင်တို့ကို အားနာ၍ ဓာတ်ပုံမှတ် တမ်းတင်ရင်းသာ အသံတိတ် လိုက်ပါခဲ့သည်။ အကျင့်မရှိ၍လားမသိ။ လမ်းလျှောက်နေရင်း ဟောဟဲဟော ဟဲ ဖြစ်ချင်လာသည်။ သို့သော် သိပ်မမောခင်မှာပင် တပ်ရင်းမှူးတို့က ဘယ်ဘက်လမ်းခွဲလေးအတိုင်း လျှောက် ၀င်သွားကြသည်။ နောက်မှ ထပ်ကြပ်မကွာ လိုက်လျှောက်လာရာ ၀ါးရုံပင်တွေကြားမှအထွက် မြေကွက်လပ် တခုတွင် အင်ဖက်မိုး အကာအရံမဲ့သည့် ခြေတံတို ၀ါးတဲကြီးတခုကို တွေ့ရသည်။ တပ်ရင်း (၈) အစည်းအဝေး ပြုလုပ်ရာ ဘားတိုက်ဟု သိရပြီး ဇရပ်ကြီးတခုနှင့် တူလှသည်။
ရဲဘော်များနှင့် စကားစမြည်ပြောရင်း ကော်ဖီမစ်သောက်ရင်း ခေတ္တခဏ အနားယူပြီးနောက် တပ်ရင်းမှူး၊ ဆ ရာကျောင်း (တပ်ခွဲမှူး) တို့နှင့်အတူ စခန်းကုန်းတ၀ိုက် လှည့်လည်ကြည့်ရှုရန် ကျနော်နှင့် ကိုမင်းဆန်းမင်းတို့ စားဖိုတဲအပြင် ထွက်ခဲ့ကြသည်။ တပ်ရင်းမှူးတို့ ရပ်စကားပြောနေတုန်း စခန်းကုန်း၏ အနေအထားကို ကျနော် အကဲခတ်နေမိသည်။ ကုန်းပေါ်တွင် တဲငယ်နှစ်လုံးစီကပ်လျက် အတန်းလိုက် ဆောက်ထားသည့် တဲတန်းကို တွေ့ရသည်။ တဲတလုံးစီတွင် ရဲဘော်များ နှစ်ယောက်တတွဲ ဘယ်ညာစခန်းချ နေထိုင်ကြသည်။ ကျနော်က ကင်မရာလွယ်ရင်း တပ်ရင်း(၈)ရဲဘော်တို့ စခန်းချနေထိုင်ရာ တဲတလုံးချင်းစီကို စိတ်ဝင်တစား လိုက်လံကြည့် ရှုနေမိသည်။
“xxx စိုးစဉ်းမျှ စိုးရိမ်ကြောက်စိတ် မရှိတယ် xxx ခင်းထားတဲ့လမ်းဟာ တို့ရဲ့သစ္စာ xxx ငြိမ်းချမ်း ရေးအတွက် တိုက်ပွဲရှိရမယ် xxx နီတဲ့သွေး ရဲရင့်လို့ xxx ရန်သူမင်းရှေ့ကို ချီတက်ခဲ့ပြီ xxx”
“မိုးမခပင်တွေ xxx တို့သက်သေတည် xxx စိမ်းရင့်သော အေးမြကန်သာမြေ xxx ရိုးမတောင်ခြေ xxx နေရောင်မခတဲ့ တောင်တွေ xxx ငြိမ်းချမ်းစေ xxx”
ရစ်သမ်ဂစ်တာခတ်သံနှင့်အတူ ရဲဘော်တဦး၏ သီချင်းဆိုသံကို ကြားနေရခြင်းဖြစ်သည်။ သူဆိုနေသည်မှာ အေဘီအက်စ်ဒီအက်ဖ်ရဲဘော် အဆိုတော်မွန်းအောင်၏ ‘ငြိမ်းချမ်းရေးတိုက်ပွဲ’ သီချင်းဖြစ်သည်။ ထိုသီချင်း သံစဉ်ကို အဆိုတော်ခင်မောင်တိုးက ‘လွန်ခဲ့သောနေ့’ အမည်ဖြင့် သီဆိုသည်ကို ပြည်တွင်း၌ရှိစဉ်က ကြားခဲ့ ဖူးပြီးဖြစ်သည်။ သို့သော် အခုကြားရသည့် ကိုမွန်းအောင်၏ သီချင်းစာသားက ပိုမိုလေးနက်လှသည်မို့ အဆို တော် ခင်မောင်တိုးအနေနှင့် စာပေစိစစ်ရေးမှ ဆင်ဆာလွတ်အောင် မူရင်းစာသားကို ပြင်ဆိုခဲ့လေသလားဟု ကျနော်စဉ်းစားနေမိသည်။
ကျနော် အလွန်အမင်း နှစ်သက်သည့် သီချင်းမို့ နားဆင်ချင်စိတ်ပေါ်လာသည်နှင့် စကားလက်ဆုံကျနေသည့် ရဲဘော်ကို နှုတ်ဆက်ကာ ပြန်တက်လာခဲ့သည်။ တဲတလုံးရှေ့တွင် ဆရာချိန်ဟု ကျနော်မှတ်မိနေသည့် မျက် မှန်နှင့် ရဲဘော်က မတ်ရပ်ဂစ်တာတီးကာ သီချင်းဆိုနေပြီး တပ်ရင်းမှူးက ပေါင်ကို လက်နှင့်ပုတ်ကာပုတ်ကာ စည်းချက်လိုက်ရင်း မျက်စိမှိတ်ခံစားနေသည်ကို တွေ့ရသည်။ အဆိုပါမြင်ကွင်းအား ကိုမင်းဆန်းမင်းက ဗွီဒီယို ကင်မရာဖြင့် မှတ်တမ်းတင်နေသည်ကို တပ်ခွဲမှူး ဆရာကျောင်းက နံဘေးမှ ပြုံးပြုံးကြီး ကြည့်နေလေသည်။ ပူရှိန်ပြင်းသည့် မွန်းလွဲချိန်ကြီးတွင် ဘယ်လိုအကြောင်းကြောင့် သီချင်းအေးအေးကို သီဆိုနေကြပါလိမ့်ဟု စေ့ ငုကြည့်မှ ကိုမင်းဆန်းမင်း ပွဲတောင်း၍ ဆိုပြခြင်းဖြစ်ကြောင်း သိရသည်။
သီချင်းဆုံးသည်နှင့် စခန်းကုန်း ခြံစည်းရိုးနားဆီသို့ ကတုတ်ကျင်းကြီးကိုကျော်ကာ ကျနော်တို့ လျှောက်လာခဲ့ ကြသည်။ ဆရာကျောင်းက ပြောက်ကျားဘောင်းဘီ၊ စစ်တီရှပ်ဝတ်ပြီး သေနတ်လွယ်ကာ လိုက်ပါလာသည်။ တံခါးပေါက်တခုအရောက်တွင် ဆရာကျောင်းနှင့် တပ်ရင်းမှူးတို့ ၀ါးရုံတောကြီးရှိရာ ခြံစည်းရိုးအပြင်သို့ ထွက် သွားကြသည်။ ရှေ့တွင် မိုင်းတွေထောင်ထားပြီး ရန်သူနအဖစခန်းနှင့်လည်း နီးနီးလေးဟုဆိုသဖြင့် ကျနော် တို့ ဧည့်သည်နှစ်ယောက် ကိုယ်သဘောနှင့်ကိုယ် လျှောက်မသွားရဲဘဲ နောက်မှနေ၍ ဆရာကျောင်းနှင့် တပ် ရင်းမှူးတို့ လျှောက်သလောက်သာ ကွက်တိလိုက်လျှောက်ကြသည်။
စိမ့်တွင်းထဲမှရေကို ခေါင်းမှလောင်းချိုးလိုက်သည်နှင့် ခရီးပန်းနေသည့် ကျနော့်တကိုယ်လုံး အေးစိမ့်လန်း ဆန်းသွားသည်။ ကျနော်ရေချိုးနေစဉ် တပ်ရင်းမှူးက ရေအိမ်ရှိရာ ကုန်းဆီသို့ ဆင်းလိုက်တက်လိုက်နှင့် ရေ ဖြည့်နေသည်။ ကိုမင်းဆန်းမင်းက ကျနော့်အရင်ရေချိုးပြီး ကုန်းပေါ်တက်သွားပြီ။ ကျနော်က ရေချိုးရသည်ကို အရသာတွေ့နေ၍ စိမ်ပြေနပြေ ဆက်ချိုးနေမိသည်။ အကြောအချဉ်တွေ ပြေသွားသလိုခံစားရပြီးနောက် ရေ ချိုးရပ်ကာ ကျနော် ကုန်းပေါ်ပြန်တက်ခဲ့သည်။
ထိုညနေက စားဖိုတာဝန်ကျသည့် ရဲဘော်ရန်ကုန်တို့ လက်ရာကလည်းကောင်း၊ ဗိုက်ကလည်း ဟောင်း လောင်းဖြစ်နေသည့်အတွက် ကြက်သားဟင်း၊ ဘူးသီးဟင်း၊ ငါးပိရည် တို့စရာတို့နှင့် ညနေစာသုံးဆောင်ရ သည်မှာ မြိန်ရေယှက်ရေရှိလှသည်။ ထမင်းသုံးဆောင်ကြပြီးသည်နှင့် ရဲဘော်အားလုံး စီးကရက်၊ ဆေးပေါ့ လိပ်ခွဲတမ်းယူပြီး ကိုယ့်တဲကိုယ် ပြန်သွားကြသည်။ မှောင်ရီေ၀၀ိုးတ၀ါးအချိန်လောက်တွင် ရဲဘော်အားလုံး ယူနီဖောင်းအပြည့်အစုံ ၀တ်ဆင်ပြီး လက်နက်ကိုယ်စီလွယ်ကာ စားဖိုတဲဆီ ပြန်ရောက်လာကြသည်။ ထို့ နောက် တပ်ရင်းမှူးနှင့် ရဲဘော်အားလုံး (ကင်းစောင့်ရဲဘော်နှစ်ဦးမှအပ) တပ်ရင်းအစည်းအဝေးလုပ်ရန် ဘား တိုက်ရှိရာသို့ ဆင်းသွားကြတော့သည်။ အမှောင်ထုက စခန်းကုန်းတခုလုံးကို သိမ်းပိုက်လိုက်ပေပြီ။ ကျနော် နှင့် ကိုမင်းဆန်းမင်းက ဓာတ်ပုံ၊ ဗွီဒီယိုမှတ်တမ်းတင်ပေးရန် ဘားတိုက်သို့ ခေတ္တလိုက်သွားပြီး အစည်းအဝေး စသည်နှင့် ကျနော်တို့နှစ်ယောက် ကုန်းပေါ်ပြန်တက်ခဲ့ကြသည်။

သန်းခေါင်နားနီးချိန်တွင် အစည်းအဝေးပြီး၍ထင့်၊ ရဲဘော်များ ကုန်းပေါ်သို့ ပြန်တက်လာကြသည်။ ရဲဘော်တ ဦးက ကျနော်နှင့် ကိုမင်းဆန်းမင်းအား ဘားတိုက်တွင် လာအိပ်ရန် တပ်ရင်းမှူးက မှာလိုက်ကြောင်း လာပြော သည်။ ကျနော်တို့နှစ်ဦး မှောင်ကြီးမည်းမည်းထဲ စမ်းတ၀ါးဝါးလျှောက်လှမ်း၍ ဘားတိုက်သို့ ရောက်သွားချိန် တွင် တပ်ရင်းမှူးက အိပ်ရန်ပြင်နေပြီ။ ကျနော်တို့လည်း ပါလာသည့်အိတ်တွေကို ခေါင်းခုပြီး တပ်ရင်းမှူးဘေး တွင် လှဲလိုက်ကြသည်။ ကျနော်တို့သုံးဦးအား ရဲဘော်ထွန်းထွန်းက စောင့်အိပ်ပေးသည်။ သူ့ဘေးတွင် သေ နတ်တလက် ထောင်ထားသည်။ တပ်ရင်းမှူး အိပ်ပျော်သွားသော်လည်း ဖယောင်းတိုင်မီး ငြိမ်းသွားသည်အထိ ကျနော်နှင့် ကိုမင်းဆန်းမင်းတို့ အိပ်လို့မပျော်ကြသေး။ အကာအရံမရှိသည့် ဘားတိုက်ကြမ်းပြင်ပေါ် စောင် ခေါင်းမြီးခြုံကွေးရင်း ကမ္ဘာ့နိုင်ငံရေး၊ မြန်မာ့နိုင်ငံရေးအကြောင်း ဘေးချင်းကပ် တွတ်ထိုးနေကြသည်။ ထို့ နောက် ဘယ်သူအရင် အိပ်ပျော်သွားသည်လဲ ဆိုသည်ကို ကျနော်မသိလိုက်တော့ပေ။
ဘားတိုက်အမိုးပေါ် နှင်းတွေ တပေါက်ပေါက်ကျဆင်းနေသံကြောင့် ကျနော်အိပ်ရာမှနိုးလာသည်။ ခေါင်မိုး အင်ဖက်တွေပေါ်နှင်းကျသံတွေက မိုးသီးမိုးပေါက်တွေအလား ကျယ်လောင်ပြင်းထန်နေသည်။ စောင်ကိုမခွာ သေးဘဲ ပက်လက်အနေအထားအတိုင်း ခေါင်းကိုတပတ်လည်ပြီး ကျနော်ကြည့်လိုက်သည်။ ဝေလီဝေလင်း ကျနေသည့် နှင်းတွေကဖြူဖွဖွ ဂွမ်းစိုင်ကြီးသဖွယ် ဘားတိုက်ကြီးကို အုပ်မိုးထားသည်။ ကျနော့်အရင်ဝီရိယ ကောင်းနှင့်ကြသောတပ်ရင်းမှူး၊ ကိုမင်းဆန်းမင်းနှင့် ရဲဘော်ထွန်းထွန်းတို့သုံးဦးက ဘားတိုက်လှေကားဘက် ခြမ်းမြေကွက်လပ်တွင် မီးလှုံရင်း စကားလက်ဆုံကျနေကြသည်။ ကျနော်လည်းအိပ်ရာမှ လူးလဲထကာအ ချမ်းပေါ့သွားအောင် မီးလှုံဖို့ ဘားတိုက်ပေါ်မှ ဆင်းခဲ့သည်။
မီးဖိုနားအရောက်တွင် ‘ညကတပ်ရင်းအစည်းအဝေးလုပ်တာ တော်တော်ကြာသား’ ဟု အရင်းမပါအဖျားမပါ ကျနော်ပြောလိုက်သည်။ တပ်ရင်းမှူးက ဗိုလ်ချုပ်ထိန်မောင်ကိစ္စနှင့် ကိုရဲနောင်ကိစ္စ ကျေလည်အောင်ဆွေး နွေးနေရ၍ အစည်းအဝေးကြာသွားကြောင်း ပြောပြသည်။ ထိုကိစ္စနှစ်ခုကို မနေ့တုန်းကတည်းက တပ်ရင်းမှူး အရိပ်အမြွက်ပြောပြထား၍ အကြမ်းဖျင်းတော့ကျနော်သိထားသည်။ တပ်ရင်း၏အတွင်းကိစ္စအသေးစိတ်ကို ဆက်မမေးသင့်၍ မီးလှုံရင်း ကိုယ့်ဘာသာကိုယ် ဆက်စဉ်းစားနေမိသည်။
တပ်ရင်းမှူးပြောသည့် ဗိုလ်ချုပ်ထိန်မောင်ကိစ္စဆိုသည်မှာ တပ်ရင်း (၈) ရဲဘော်များက ‘အဘ’ ဟုချစ်စနိုး ခေါ်ကြသည့် ကေအန်အယ်လ်အေ တပ်မဟာ (၇) မှူး ဗိုလ်ချုပ်ထိန်မောင်နှင့်အဖွဲ့ ရန်ကုန်သို့သွား၍ နအဖ စစ်ခေါင်းဆောင်များနှင့် စေ့စပ်ဆွေးနွေးနေသည့်ကိစ္စဖြစ်ပြီး ကိုရဲနောင်ကိစ္စဆိုသည်မှာ စခန်းကုန်းပေါ်သို့ အလာတွင် ကျနော်တို့၏ပစ္စည်းများကို ကူသယ်ပေးသည့်ရဲဘော်ကိုရဲနောင်နှင့် မိသားစုတတိယနိုင်ငံသို့ ထွက်ခွာမည့်ကိစ္စဟု ကျနော်နားလည်ထားသည်။ တတိယနိုင်ငံသို့ထွက်ခွာမည့်ကိစ္စအပေါ် တပ်ရင်းရှိရဲဘော် များအားလုံးက နားလည်ကျေနပ်မှုရှိအောင် ရဲဘော်ကိုရဲနောင်က အစည်းအဝေးတွင် အကျယ်တ၀င့်ရှင်း လင်းတင်ပြ ခြင်းဖြစ်မည်ဟု ကျနော့်ဘာသာ တွေးနေမိသည်။
သို့သော် ကျနော်ပို၍စိတ်ဝင်စားသည်က ဗိုလ်ချုပ်ထိန်မောင်ကိစ္စဖြစ်သည်။ ကေအန်အယ်လ်အေတပ်မဟာ (၇) သည်ကျောင်းသားတပ်မတော်တပ်ရင်း (၈) ၏အဓိကကျောထောက်နောက်ခံ မဟာမိတ်ဖြစ်ပြီး ဗိုလ်ချုပ် ထိန်မောင်ကထိုတပ်မဟာ (၇) ၏ တပ်မဟာမှူးဖြစ်သည့်အတွက် ဆွေးနွေးပွဲရလဒ်သည် တပ်ရင်း (၈) ၏ အနာဂတ်အတွက် အလွန်အရေးကြီးပေသည်။ ဗိုလ်ချုပ်ထိန်မောင်ရန်ကုန်မှ ပြန်ရောက်လာပြီဟူသည့်သ တင်းကိုကြား၍လည်း ဗိုလ်ချုပ်ထိန်မောင်နှင့်မတွေ့မီ တပ်ရင်း (၈) အတွင်းအကြိတ်အနယ်ဆွေးနွေးနေကြ ခြင်းဖြစ်မည်ဟု ကျနော်စဉ်းစားနေမိသည်။
ဗိုလ်ချုပ်ထိန်မောင်၏ တပ်မဟာ (၇) အနေနှင့် ကေအန်အယ်လ်အေတပ်မတော်မှ ခွဲထွက်ပြီး နအဖစစ်အုပ် စုနှင့် ပူးပေါင်းသွားလျှင် ကေအန်ယူနှင့် ကေအန်အယ်လ်အေတပ်မတော်၏ အနေအထားသိသိသာသာအ ပြောင်းအလဲရှိနိုင်မည်လား၊ ကျောင်းသားတပ်မတော်တပ်ရင်း (၈) အနေနှင့်ရော ဘာဆက်လုပ်မည်နည်းဆို သည့်မေးခွန်းတွေအပေါ် ကျနော်စိတ်လှုပ်ရှားနေမိသလို ဒီမိုကရေစီတိုက်ပွဲတခုလုံးအတွက်လည်း စိုးရိမ်ပူ ပန်နေမိသည်။ တပ်ရင်းမှူးတို့အနေနှင့်ညကပြုလုပ်သည့် တပ်ရင်းအစည်းအဝေးတွင်ဆုံးဖြတ်ချက် ပြတ်ပြတ် သားသားချပြီးလောက်ပေပြီ။ အကယ်၍ ဗိုလ်ချုပ်ထိန်မောင်၏ တပ်မဟာ (၇) အနေနှင့် နအဖစစ်အုပ်စုနှင့် ပူးပေါင်းမည်ဆိုလျှင် တပ်ရင်း (၈) လုပ်ဆောင်မည့် ဆုံးဖြတ်ချက်သည် ကျနော်တွေးဆထားသည့် ဆုံးဖြတ် ချက်နှင့် တထပ်တည်းကျလိမ့်မည်ဟုပင် လုံးဝဥဿုံ ယုံကြည်စိတ်ချနေမိပေသည်။
အင်ဖက်တွေ တထပ်ကြီးသယ်လာသည့် ရဲဘော်ရန်ကုန်ကို မြင်လိုက်မှ ကျနော်၏ အတွေးနယ်ချဲ့မှုများရပ် တန့်သွားသည်။ မိုးမကျမီစခန်းရှိတဲများအား အမိုးသစ်ပြန်မိုးနိုင်ရန်အင်ဖက်များကို မနက်စောစောစီးစီးထပြီး ကောက်ယူစုဆောင်းနေပုံပေါ်သည်။ နှင်းစက်များဖြင့် ရွှဲရွှဲစိုနေသည့် အင်ပင်၊ ၀ါးရုံပင်များကို ကြည့်ငေးရင်း ချမ်းချမ်းစီးစီးကြီးထဲ ၀ီရိယကောင်းလွန်းသည့် ရဲဘော်ရန်ကုန်ကို ချီးကျူးစကားဆိုလိုက်မိသည်။ ထို့နောက် ဆောင်းမီးဖိုမှခွာပြီး သွားတိုက်၊ မျက်နှာသစ်ရန် စခန်းကုန်းပေါ် ကျနော်တို့ ချီတက်ခဲ့ကြသည်။

နံနက်စာစားပြီးနောက် ရဲဘော်များအား လက်ဆောင်ပေးရန် ယူဆောင်လာသည့် အင်္ကျီ၊ ဘောင်းဘီ၊ အနွေး ထည်၊ တီရှပ်များနှင့် မျက်နှာသုတ်ပ၀ါကြီးကို ကျောပိုးအိတ်ထဲမှကျနော်ထုတ်ယူလာပြီး စားဖိုတဲရှေ့ရှိဝါးစား ပွဲပေါ်တင်လိုက်သည်။ သို့သော် အထည်အရေအတွက်က (၁၆) ထည်သာရှိသည့်အတွက် မဲနှိုက်ကာဝေ ခြမ်းပေးဖို့ တပ်ရင်းမှူးကစီစဉ်သည်။ တယောက်ချင်းနာမည်ခေါ်ပြီး မဲနှိုက်ကြသည်။ ရဲဘော်တယောက်မဲ လာနှိုက်တိုင်း တဟေးဟေး တဟားဟားအော်သူအော်၊ လက်ခုပ်တီးသူတီးနှင့် ပျော်ရွှင်ကြည်နူးစရာကောင်း လှသည်။ နောက်ဆုံးလက်ကျန်အထည် မဲပေါက်ပြီးချိန်တွင် ကိုမင်းဆန်းမင်းက သူဝတ်ထားသည့်အနွေး ထည်ကြီးကိုချွတ်လိုက်ပြီး ‘ဒါကြီးကိုလည်း မဲဖောက်ပေးပါ’ ဟုပြောတော့စခန်းကုန်းပေါ် လက်ခုပ်သြဘာ သောသောညံ သွားလေသည်။
ကိုမင်းဆန်းမင်း၏ အနွေးအင်္ကျီကို မဲနှိုက်ပြီးနောက် ‘ကံစမ်းမဲအစီအစဉ် မပြီးသေးဘူးဗျို့၊ မဟာကံထူးရှင်ရွေး ပွဲ ရှိသေးတယ်’ ဟု ကျနော်က အော်ပြောလိုက်ရာ ရဲဘော်များ လက်ခုပ်တဖျောင်းဖျောင်း တီးကြပြန်သည်။ ထို့ နောက် မဲလိပ်ထပ်လိပ်ပြီး ကျနော်မတည်သည့် ထိုင်းငွေဘတ် (၃၀၀) အပေါ် မဟာကံထူးရှင်ရွေးချယ်ပွဲ စတင် လေသည်။ ပို၍ပျော်စရာကောင်းဖို့ ဖန်လာလေသလားမသိ။ နောက်ဆုံးနှစ်မဲသာ ကျန်သည်အထိ မဟာကံထူး ရှင်ကပေါ်ထွက်မလာသေး။ နှိုက်ရမည့်သူက တပ်ရင်းမှူးနှင့် ရဲဘော်ကျော်စွာတို့နှစ်ဦးသာကျန် တော့သည်။ တပ်ရင်းမှူးကအရင်နှိုက်သည်။ ရဲဘော်များကတဟေးဟေးနှင့် လက်ခုပ်တီးပြီး အားပေးနေကြ သည်။ တပ်ရင်းမှူးက မဲလိပ်ဖြည်ကြည့်ပြီး ‘ဗလာ’ ဟုအော်လိုက်ချိန်တွင်မဲနှိုက်ရန် တဦးတည်းကျန်တော့ သည့်ရဲဘော်ကျော်စွာတယောက် လက်သီးလက်မောင်းတန်းပြီး အော်ဟစ်ခုန်ပေါက်လေတော့သည်။ ကျန် ရဲဘော်များအားလုံးက မဲမနှိုက်လိုက်ရဘဲ နောက်ဆုံးလက်ကျန်မဲဖြင့် မဟာကံထူးရှင်ဖြစ်သွားသည့် ရဲဘော် ကျော်စွာကိုဝိုင်းဝန်းဂုဏ်ပြုကြသည်။ တပ်ရင်းတွင် အသက်အငယ်ဆုံးဖြစ်သည့် ရဲဘော်ကျော်စွာသည် အင်္ကျီ မဲနှိုက်တုန်းကလည်း ပေါက်သည့်အတွက်အလွန်ကံထူးသည့် ရဲဘော်တဦးအဖြစ် ကျနော်အမှတ်ရနေမိတော့ သည်။ မဲနှိုက် သည့်အစီအစဉ်ပြီးသည့်နောက် ကိုမင်းဆန်းမင်းကညကားဖြင့် ဘန်ကောက်သို့ဆင်းရန်ရှိသည့် အတွက်အားလုံးကို နှုတ်ဆက်ပြီး ရဲဘော်ကိုရဲနောင်နှင့်အတူ ဘဲကလော့စခန်းသို့ ပြန်ဆင်းသွားတော့သည်။
ထို့နောက် ကံစမ်းမဲလုံးဝမပေါက်သည့် ရဲဘော်များအပါအ၀င် ရဲဘော်အားလုံး ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲနိုင်ရန် အစီအစဉ်တခုကို ကျနော်ကြေညာလိုက်သည်။ ‘ကဲ အခုအချိန်ကစပြီး အသင်းလေးသင်းခွဲပြီး ဂိုးကျဉ်းဘော လုံးပြိုင်ပွဲကျင်းပပါမယ်။ ဗိုလ်စွဲတဲ့အသင်းကို ဘတ် (၄၀၀) ချီးမြှင့်ပါမယ်။ ဒုတိယရတဲ့အသင်းကိုဘတ် (၂၀၀) ချီးမြှင့်ပါမယ်’ ဟု ကျနော်အော်ပြောလိုက်ရာ ရဲဘော်အားလုံး လက်ခုပ်လက်ဝါးတီးပြီး ဘောလုံးကန်ရန် ပြင် ကြလေသည်။ ရဲဘော်စိန်ရိုးက ဦးဆောင်ပြီးစားဖိုတဲထဲရှိ သင်ပုန်းပေါ်မှ နာမည်အားလုံးကိုကြည့်ကာအ သင်းလေးသင်းခွဲသည်။ ပြီးသည်နှင့်တပ်ရင်းမှူးက ဒိုင်လူကြီးလုပ်ကာလေးသင်းပတ်လည် ဂိုးကျဉ်းဘောလုံး ပြိုင်ပွဲကို စတင်လေသည်။ ဆောင်းနံနက်ခင်း နေခြည်နုအောက်တွင် နှစ်နာရီခန့်အကြိတ်အနယ် ယှဉ်ပြိုင်က စားကြပြီးနောက် ပထမဆုရရဲဘော်သားကြီး ဦးဆောင်သည့်အသင်းနှင့် ဒုတိယဆုရရဲဘော် မင်းမင်းဦး ဆောင်သည့်အသင်းတို့ကို တပ်ရင်းမှူးကဆုများချီးမြှင့်ပေးလေသည်။ ထိုနံနက်ခင်းသည် ရဲဘော်များနှင့်အ တူလွတ်လွတ်လပ်လပ် နွေးထွေးပျော်ရွှင်ခဲ့ရသည့် ကြည်နူးအမှတ်ရဖွယ် ဆောင်းနံနက်ခင်းလေးတခု ဖြစ်ခဲ့ လေသည်။
ဘောလုံးပွဲပြီးသည့်နောက် တပ်ရင်းမှူးက ညပိုင်းတွင်ဘူးသီးကြော် ကြော်စားကြမည့်အကြောင်း သတင်း ကောင်းပါးလေသည်။ ထိုအစီအစဉ်အတွက် ရဲဘော်နှစ်ဦးဘူးစင်ပေါ်မှ ဘူးသီးကြီးကိုခူးကာ စားဖိုတဲထဲမှထ မင်းစား စားပွဲပေါ်တွင် ထိုင်လှီးနေကြသည်။ ပြီးသည်နှင့်ဟင်းအုပ်သည့် ကော်အုပ်ဆောင်းကြီးထဲထည့်ပြီးစား ဖိုတဲအပြင်ရှိစားပွဲပေါ်တွင် နေလှန်းထားလေသည်။ နေ့လည်စာစားသောက်ပြီးချိန်တွင် တပ်ရင်းမှူးနှင့်ရဲ ဘော်များဘားတိုက်သို့ ဆင်းသွားကြပြီး တပ်ရင်းအစည်းအဝေး ထိုင်ကြပြန်သည်။ ကုန်းပေါ်တွင် ကင်းစောင့် ကျန်ခဲ့သည့် ရဲဘော်ကိုဦး၊ ရဲဘော်ကျော်စွာနှင့် ကျနော်တို့သုံးဦးသာကျန်ခဲ့သည်။ ဗိုလ်ချုပ်ထိန်မောင်ကိစ္စအ ရေးကြီးနေ၍ဖြစ်မည်ဟုပဲ ကျနော့်စိတ်ထဲ မှတ်ထင်လိုက်သည်။
မွန်းလွဲချိန်တလျှောာက်လုံး စားဖိုတဲထဲတွင် ရဲဘော်နှစ်ဦးနှင့် စကားပြောလိုက်ကြိုးပုခက်ထဲဝင်အိပ်လိုက်လုပ် နေမိသည်။ ထူးဆန်းသည်မှာ တပ်ရင်းသို့ရောက်ခိုက်တွင် ဘာအလုပ်မှ ပင်ပင်ပန်းပန်းမလုပ်ရပါဘဲ ရှိသည့် ဟင်းလျာများနှင့် ထမင်းစားကောင်းနေခြင်းဖြစ်သည်။ စကားပြောနေရင်း ဗိုက်ဆာလာပြန်သဖြင့်ရဲဘော် ကျော်စွာက ငါးပိကောင်တွေကို ထောင်းပေးသည်။ ဟင်းအိုးထဲမှာရှိသည့်ပဲဟင်းနှင့် ရဲဘော်ကျော်စွာ၏ လက်ရာ ငါးပိထောင်းစပ်စပ်တို့ကို နယ်ဖတ်ပြီးစားရသည်မှာ မြိန်ရေယှက်ရေရှိလွန်းလှသည်။ ထမင်းစားပြီး ပန်းကန်ဆေးရန်အသွား ဟင်းစားခုတ်ထစ်သည့် စင်ပေါ်၌ စန့်စန့်ကြီးလှဲနေသည့် ခွေးသေကောင်မည်းမည်း ကြီးကို ရုတ်ချည်းတွေ့လိုက်ရာ ကျနော်လန့်ဖြန့်သွားသည်။ ရဲဘော်ကိုဦးကို မေးကြည့်တော့မှမနက်ဖြန်ခွေး သားဟင်းချက်စားဖို့ မြေကြီးထဲကျင်းတူးပြီး မီးဖုတ်ထားခြင်းဖြစ်ကြောင်း၊ ခုနကမှ ကျင်းထဲက သူပြန်ဖော်လာ တာဖြစ်ကြောင်းသိရသည်။
ညနေထမင်းစားအပြီး မှောင်စပျိုးချိန်တွင် မနေ့ကတွေ့ရသည့်အတိုင်း ရဲဘော်အားလုံး ၀တ်စုံပြည့်ဝတ်ဆင် ပြီးလက်နက်ကိုယ်စီလွယ်ကာ စားဖိုတဲနားစုရုံးနေကြသည်ကို တွေ့ရပြန်သည်။ ရဲဘော်တချို့က လက်နက် တွေကိုစားဖိုတဲတွင်ချိတ်ဆွဲပြီး ဘူးသီးကြော်အစီအစဉ်အတွက် တဲအပြင်မြေကွက်လပ်တွင် မီးဖိုလုပ်ရန်ပြင် ဆင်နေကြသည်။ ကင်းစောင့်တာဝန်ကျသည့် ရဲဘော်တချို့က ကင်းလှည့်နေကြသည်။ အမှောင်ထုသိပ် သည်းလာချိန်တွင် ဘူးသီးကြော်ရန်အတွက် မီးဖိုအဆင့်သင့်ဖြစ်နေပြီး မီးဖိုမှထင်းမီးရောင်ကြောင့် စခန်း ကုန်းတ၀ိုက် အတော်အသင့် လင်းနေသည်။ ရဲဘော်မင်းဦးက ဆန်နှစ်နှင့်ဘူးသီးတွေကို မွှေထည့်ပေးနေပြီး ရဲဘော်အောင်အောင်က တုတ်ရှည်နှစ်ချောင်းကိုင်ကာ ဆီးအိုးထဲမှဘူးသီးကြော်တွေ ကျက်မကျက်ကိုတာ ၀န်ယူကြည့်ပေးနေသည်။ မီးဖိုဘေးတွင် ဆောင့်ကြောင့်ထိုင်နေသည့် တပ်ရင်းမှူးကဆီအိုးထဲသို့ ဓာတ်မီးနှင့် မကြာမကြာထိုးရင်း ၀ိုင်းကြည့်ပေးနေသည်။
ကျနော်က မီးဖိုနှင့်မလှမ်းမကမ်းရှိ ၀ါးစားပွဲတွင်ထိုင်ရင်း ဘူးသီးကြော်စားလိုက် ရဲဘော်တွေနှင့်ရပ်စကား ပြော လိုက်လုပ်နေသည်။ ရဲဘော်တွေနှင့် အေးအေးဆေးဆေး စကားပြောကြည့်မှ ကျောင်းသားတပ်မတော် ရဲဘော်တို့၏ ယုံကြည်ချက်ခိုင်မာမှုနှင့် စွန့်လွှတ်အနစ်နာခံနိုင်မှုတို့ကို အထင်းသားတွေ့လိုက်ရပြီး ဗိုလ်ချုပ် ထိန်မောင်ကိစ္စနှင့် ပတ်သက်သည့်ကျနော်၏ စိတ်ပူပန်မှုများ လုံးလုံးလျားလျား လျော့ကျသွားတော့သည်။ ရဲဘော်အားလုံးသည် ဒီမိုကရေစီတိုက်ပွဲ မုချအောင်ရမည်၊ စစ်အာဏာရှင်စနစ် လုံးဝဥဿုံကျဆုံးရမည်ဟူ သည့်ခံယူချက်ကိုယ်စီနှင့် ကျောင်းသားတပ်မတော်သို့ ၀င်ရောက်ခဲ့ကြသည်ကိုသူတို့၏လုပ်ရပ်၊ သူတို့၏စိတ် ဓာတ်များက အခိုင်အမာသက်သေပြနေပေသည်။ သူတို့သည် မြန်မာပြည်နေရာအနှံ့အပြားမှနေ၍ ကျောင်း သားတပ်မတော်သို့ ဆက်သွယ်ဝင်ရောက်ခဲ့ကြခြင်း ဖြစ်သည်။ တပ်ရင်း (၈) တွင်မူရန်ကုန်သား အများစုဖြစ် သည်ကို တွေ့ရသည်။

လမ်းမထက် ကျတဲ့သွေးတွေ xxx ပျောက်ပျက်ကာ သွားပြီမထင်နဲ့လေ xxx ချောင်းထဲမှ မြစ်သို့စီး ၀င် xxx သွေးမြစ်တွေ ရဲရဲနီသတဲ့လေ xxx (မြစ်တွေထဲမှ ပင်လယ်ဆီ xxx သမုဒ္ဒရာတွေ ရဲရဲနီ)၂ xxx နေပူရှိန်မှာ အခိုးအငွေ့တွေပျံလို့ သွေးမိုးတိမ်တွေဖွဲ့ xxx ကောင်းကင်နီရဲ xxx သွေးမုန်တိုင်း တိုက်ခတ်လေပြီ xxx (ဟောင်းနွမ်းတဲ့ အဆောက်အအုံတွေ ဖြိုဖျက်ပစ်ဖို့ xxx ဖောက်ပြန်တဲ့ လူတန်းစားတွေ တိုက်စားပစ်ဖို့)၂ xxx သွေးမုန်တိုင်း တိုက်ခတ်ပြီဟေ xxx ဟေး … မုန်တိုင်းကို ဂုဏ်ပြုကြ xxx ဟေး … မုန်တိုင်းမှာ ပျော်ပါးကြ xxx ကမ္ဘာသစ်ကို ဖန်တီးပါ xxx အင်အားတွေ ဖြည့်ဆည်းပါ xxx
သီချင်းနားထောင်နေစဉ် ကျနော့်စိတ်က ရှစ်လေးလုံးအရေးအခင်းကာလဆီ ပြန်ရောက်သွားပြီးကြက်သီး မွေးညှင်းများပင်ထလာသည်။ သီချင်းသံဆုံးပြီး အတန်ကြာမှ ကျနော်တို့ စကားဆက်နိုင်သည်။ ဆရာချိန်နှင့် ကိုသားကြီးတို့က ကျောင်းသားတပ်မတော်သို့ ၀င်ရောက်ဖြစ်ခဲ့ပုံတွေကို ကျနော့်အားခံစားမှုအပြည့်နှင့်ဆက် ပြောပြသည်။ ပါဝါမျက်မှန်တပ်ထားသည့် ဆရာချိန်က ခန္ဓာကိုယ် ပိန်ပိန်ပါးပါးဖြစ်ပြီး ရန်ကုန်တက္ကသိုလ်၌မ ဟာဝိဇ္စာတက်နေဆဲတွင် ကျောင်းသားတပ်မတော်သို့ ဆက်သွယ်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ ကိုသားကြီးက တော့ ကိုသားကြီးဟု ရဲဘော်တွေက နာမည်ပေးထားသည့်အတိုင်း ရုပ်ရှင်မင်းသားဒွေးနှင့် အတော်ဆင်ပြီး မေမြို့တပ်မတော် နည်းပညာတက္ကသိုလ်တွင်တက်နေရင်းမှ ကျောင်းသားတပ်မတော်သို့ ဆက်သွယ်ဝင် ရောက်ခဲ့သူဖြစ်သည်။ နှစ်ယောက်စလုံး ရန်ကုန်သားတွေဖြစ်ကြသည်။
ရဲဘော်တွေ၏ ဖြတ်သန်းမှုအတွေ့အကြုံတွေကို နားဆင်ပြီးကျနော့်ရင်ထဲ လေးစားစိတ်နှင့်ကြေကွဲစိတ်တို့တ ပြိုင်နက်တည်း ဖြစ်ပေါ်နေသည်။ စစ်အာဏာရှင်စနစ်ဆိုးကို တိုက်ဖျက်ရန်အတွက် အညွန့်တလူလူ တက်နေ သည့် သူတို့၏ဘ၀အခွင့်အလမ်းတွေကို အဆုံးရှုံးခံကာ ပေးဆပ်နေကြခြင်းအပေါ် ကျနော်လေးစားကြေကွဲ နေမိခြင်းဖြစ်သည်။ သို့သော် ရဲဘော်တွေကိုကြည့်ရသည်မှာ နအဖစစ်သားတွေလို ညှိုးနွမ်းခြောက်ခန်းမနေ ဘဲတက်ကြွလန်းဆန်းနေသည်။ လက်နက်အားကိုးနှင့် ဗိုလ်ကျနေသည့်စစ်အုပ်စုကို လက်နက်နှင့်ပင်တော် လှန်ချေမှုန်းလိုသည့် ရဲစိတ်ရဲမာန်တွေအပြည့်ရှိနေသည်။ ကျန်းမာကြံ့ခိုင်ပြီး အသိအမြင်ဗဟုသုတတွေကို အမြဲမပြတ် ဖြည့်ဆည်းနေကြသည်။ ယဉ်ကျေးသိမ်မွေ့ပြီး တဦးနှင့်တဦးကူညီဖေးမကြသည်။ စည်းကမ်း သေ၀ပ်ပြီးကျရာတာဝန်ကို မခိုမကပ်ထမ်းဆောင်ကြသည်။ ထိုအခြေခံကောင်းများသည် အနာဂတ်ဒီမိုကရေ စီနိုင်ငံတော်အတွက် အဖိုးမဖြတ်နိုင်သော အသီးအပွင့်များ ဖြစ်လိမ့်မည်ဟု ကျနော်ယုံကြည်နေမိသည်။
တပ်ရင်းတွင် သုံးညအိပ်လေးရက်နေပြီးနောက် တပ်ရင်းမှူးနှင့်ကျနော် ကုန်းပေါ်မှပြန်ဆင်းခဲ့ကြသည်။ မပြန် ခင်ချက်ကျွေးသည့် ခွေးသားဟင်းကိုမူကျနော် စားလို့မရခဲ့။ စားကျင့်မရှိသည်ကတကြောင်း၊ မနေ့ကခွေးသေ ကြီးကို မျက်စိထဲမြင်နေသည်ကတကြောင်း ကျနော်မျိုချလို့မရခြင်းဖြစ်မည်။ ကုန်းပေါ်တွင်ကျန်ခဲ့သည့်ရဲ ဘော်များကို သင်္ကြန်မတိုင်မီ တခေါက်ထပ်လာဦးမည့်အကြောင်း ကျနော်ပြောခဲ့သည်။ တပ်ခွဲမှူးဆရာ ကျောင်းက ကျနော်တို့ကို မြန်မာဘက်ကမ်း လှေဆိပ်အထိ လိုက်ပို့သည်။ ခွင့်နှင့် ဘဲကလော့စခန်းပြန်မည့် ရဲဘော်သားကြီး၊ ရဲဘော်မင်းဦး၊ ရဲဘော်ထွန်းထွန်း၊ ရဲဘော်အောင်အောင်၊ ရဲဘော်ဆရာချိန်တို့ ငါးဦးကထိုင်း ဘက်ကမ်းအထိ ကျနော်တို့နှင့်အတူပါလာသည်။ ရဲဘော်အိုက်ဇော်နှင့် ရဲဘော်မောင်ချစ်တို့နှစ်ဦးက ကျနော် တို့အရင် ထိုင်းဘက်ကမ်းသို့ ကူးသွားကြပြီး ဘဲကလော့စခန်းသို့ ခြေလျင်လျှောက်သွားကြပြီဟုဆိုသည်။ အလာတုန်းက လိုက်ပို့သည့်ကားလာဖို့ကြာဦးမည် ဆိုသည့်အတွက် ခရီးဆက်ရန်ရှိသေးသည့် ကျနော်နှင့် တပ်ရင်းမှူးတို့ ကားမစောင့်တော့ဘဲ ဘဲကလော့စခန်းအထိ ဆိုင်ကယ်တယောက်တစီး ငှားစီးကာပြန်ခဲ့ ကြသည်။ ရဲဘော်ငါးဦးက ပစ္စည်းတွေပါသည့်အတွက် ကားစောင့်ရင်း ကျန်ခဲ့ကြသည်။
မိနစ် (၂၀) ခန့်ဆိုင်ကယ်စီးပြီး ဘဲကလော့စခန်းသို့ရောက်လာသည်။ တပ်ရင်းမှူးနှင့် ကျနော် လက်ဖက်ရည် ဆိုင်တဆိုင်တွင် ခေတ္တ၀င်နားရန်ဒုက္ခသည်စခန်းထဲ လျှောက်ခဲ့ကြသည်။ လက်ဖက်ရည်သောက်ရင်းကျနော် သိချင်သည့် မေးခွန်းတခုကို တပ်ရင်းမှူးအား မေးသင့်မမေးသင့် ချိန်ဆနေမိသည်။ တပ်ရင်းမှူးကို ကြည့်ရ သည်မှာလည်း အကြောင်းအရာတခုခုကို စဉ်းစားနေပုံပေါ်သည်။ အတန်ကြာချိန်ဆနေပြီးမှ ကျနော်ကတိတ် ဆိတ်မှုကို စတင်ဖြိုခွဲလိုက်သည်။
‘တပ်ရင်းမှူး၊ ဗိုလ်ချုပ်ထိန်မောင်တို့အဖွဲ့ နအဖနဲ့ပူးပေါင်းမယ်ဆိုရင် တပ်ရင်းမှူးတို့ တပ်ရင်း (၈) အနေနဲ့ရော ဘယ်လိုစဉ်းစားထားလဲ။ လိုက်သွားမှာလား’ ဟု ကျနော် အရဲစွန့်ပြီး မေးလိုက်သည်။ တပ်ရင်မှူးက သောက် မည့်ဟန်ပြင်ထားသည့် လက်ဖက်ရည်ခွက်ကို ပြန်ချလိုက်ရင်း …
‘ဟာ … လိုက်သွားလို့ ဘယ်ဖြစ်မလဲ၊ သမိုင်းကွေးကုန်မှာပေါ့’ ဟု အလျင်အမြန် တုန့်ပြန်သည်။ တပ်ရင်းမှူး ၏ ‘သမိုင်းကွေးကုန်မှာပေါ့’ ဆိုသည့်စကားကို ရုတ်ချည်းကြားလိုက်ရတော့ ဘူးသီးကြော်စားသည့်ညကရဲ ဘော်များသီဆိုသည့် သီချင်းတပုဒ် နားထဲပဲ့တင်ပြန်သည်။
‘xxx သမိုင်းရေးသော တို့ရဲ့လက်များ xxx လွတ်မြောက်ရေး ရှေ့ရှုကာထား xxx ရှင်သန်ချိန် ဒီဘ၀ ထဲမှာ xxx ညီစေနော် ငါတို့ကျောင်းသား xxx’
သမိုင်းရေးသည့်လက်များက သမိုင်းအကွေးခံမည်မဟုတ်မှန်းကို ကျနော့်အနေနှင့် နဂိုကတည်းက ယုံကြည် စိတ်ချပြီးသားဖြစ်ပါသည်။ သို့သော် တပ်ရင်းမှူး၏နှုတ်ထွက်စကားကို ကြားလိုက်ရသဖြင့် တော်လှန်ရေးအ တွက်ပိုအားရှိသလို ကျနော်ခံစားလိုက်ရသည်။ တပ်ရင်းမှူးက …
‘တပ်ရင်းမှာ အစည်းအဝေးဆက်တိုက် ထိုင်နေရတာလည်းအဲဒီကိစ္စပဲ။ နှစ်ရှည်လများအတူလက်တွဲပြီးတိုက် ပွဲဝင်လာတဲ့အခါကျတော့ အဘတို့နဲ့ရဲဘော်တွေကြား သံယောဇဉ်ကြီးကြတာပေါ့။ ဒါပေမယ့်လည်းအဘတို့ အထဲပြန်ဝင်သွားခဲ့ရင်တော့ တပ်ရင်းကိုနေရာရွှေ့ပြီး ဆက်လက်တိုက်ပွဲဝင်ဖို့ပဲ ကျနော်တို့ဆုံးဖြတ်ခဲ့တယ်။ အဘကိုတော့ တပ်ခွဲမှူးဆရာကျောင်းနဲ့ တပ်စိတ်မှူးရဲဘော်စိန်ရိုးတို့ သွားတွေ့ကြလိမ့်မယ်’ ဟု ဖြေးဖြေးချင်း ဆက်ပြောပြသည်။
အပြန်လိုင်းကားပေါ်တွင် တပ်ရင်းမှူးနှင့်ကျနော် စကားမပြောဖြစ်ကြတော့ဘဲ ကိုယ်အတွေးနှင့်ကိုယ်ထိုင်စီး လာကြသည်။ ကျနော်၏အာရုံတွင် စစ်အာဏာရှင်များမပြုတ်ကျမချင်း၊ မြန်မာပြည် ဒီမိုကရေစီမရမချင်း ဆက်လက်တိုက်ပွဲဝင်နေဦးမည့် ကျောင်းသားတပ်မတော် ရဲဘော်တို့၏ပုံရိပ်လွှာများ ဝေ့၀ဲလာသည်။ လိုင်း ကားလေးက နိုင်လွန်ကတ္တရာလမ်းပေါ် တငြိမ့်ငြိမ့်ပြေးနေသည်။ ကျနော်က ကျောင်းသားရဲဘော်တို့၏ယုံ ကြည်ချက်၊ ရပ်တည်ချက်ခိုင်မာမှု၊ အနစ်နာခံပေးဆပ်တိုက်ပွဲဝင်မှုတွေကို စိတ်ထဲမှဦးညွှတ်ရင်း အေဘီ အက်စ်ဒီအက်ဖ်ရဲဘော် အဆိုတော်မွန်းအောင်၏ ‘ဒေါင်းတမန်’ သီချင်းကို ဆိုညည်းဂုဏ်ပြုနေမိပါသည်။
‘(ပျံသာပျံပါ ခွပ်ဒေါင်းနီ xxx မုန်တိုင်းမိုးထက်ဆီ)၂ xxx အရိုင်းမြှင့်လေကြမ်း တိုးဖြတ်သန်းသည် xxx တော်လှန်ပန်းနီနီ အစဉ်သယ်ချီ xxx အနတ္တစွမ်းရည် သင့်တောင်ပံဆီ xxx သင့်ခွန်အားကို တို့တတွေ ယုံကြည် xxx သမိုင်းတခေတ် အာရုံဦးဆီ xxx လှမ်းတက်ဖို့ ရှေ့သို့မြန်မြန်ချီ xxx
(ပျံသာပျံပါ ခွပ်ဒေါင်းနီ xxx မုန်တိုင်းမိုးထက်ဆီ)၂ xxx စနစ်သစ်တည်ဆောက် တို့ခေတ်ရောက်ပြီ xxx တော်လှန်ပန်းနီနီ အစဉ်သယ်ချီ xxx လူ့အခွင့်အရေးတွေ တို့ပြည်သူဆီ xxx သင့်ခွန်အားနဲ့ တို့ကြံဆောင်မည် xxx သမိုင်းတခေတ် အကောင်းအမှန်ပြောင်းရန် xxx ဒေါင်းတမန်များ ပျံသန်း မြိုင်မြိုင်ချီ xxx
(ပြီးပါပြီ)
ဒေါက်တာလွဏ်းဆွေ
(ခေတ်ပြိုင်ဝက်ဘ်ဆိုက်နှင့် ဒေါင်းအိုးဝေမဂ္ဂဇင်းတွင် ဖော်ပြပြီးဖြစ်ပါသည်)

No comments:
Post a Comment