ကျနော် မြို့လေးနဲ့ အဖြူရောင်သူငယ်ချင်း
မြူခိုးတွေနဲ့အာရုံဦးမှာ ကျနော့်မြို့လေးဟာ အိတ်မှုံစုံမွားနဲ့ နိုးကာစအပျိုမလေးလို့ကပိုကယိုနဲ့ပေါ့..
ကျနော် ကျောင်းတက်တဲ့အခါတိုင်း ဖြတ်သွားနေကျ မြေနီလမ်းလေးလဲ ကတ္တရာမည်းမည်းတွေရဲ့ ဗလက္ကာယကျမှု ကြောင့် အပျိုရည်ပျက်တဲ့ရုပ်နဲ့ ကြိုဆိုနေရှာတယ်။
တချို့နေရာတွေရဲ့ ထူးခြားတဲ့ ပြောင်းလဲမှုကြောင့် ကျနော့်မြို့လေးကို ရုတ်တရက် ကျနော်မမှတ်မိပါဘူး..
ဒါပေမယ့် မြို့လေးကတော့ သူ့ရည်းစားဦးကို အမြဲသတိရသလိုမျိုး ကျနော့်ကိုမှတ်မိနေပါတယ်။
မပြောင်းလဲပဲ ကျန်နေတာက ဦးစိုးကြီး အမြဲသောက်နေကျ ၁ လမ်းထိပ်က လိုင်စင်ရနာမည်တပ်ထားပြီး ခဏ ခဏ လိုင်းကြေးပေးရတဲ့ အရက်ဖြူဆိုင်နဲ့ လူစားတယ်ဆိုတဲ့ ၀က်စုကန်ကြီးပါပဲ။
ကျနော့်ရဲ့အိမ်မက်တွေ စတင်ရာလို့ပြောလို့ရတဲ့ လမ်းလေးထဲကို ချိုးကွေ့လိုက်တော့ခေတ်မှီအ၀တ် အစား တွေနဲ့လှပနေပြီး အတော်ပြောင်းလဲနေပြီဖြစ်တဲ့ လမ်းလေးရဲ့အပြင်အဆင်ကို တွေ့လိုက်ရပါတယ် အေးလေ နှစ်တွေလည် ကြာပြီပဲ သူလည်းပြောင်းလဲ ရှာမပေါ့ လို့ ဖေါ့တွေးရင်း ဆက်လျှောက်လာခဲ့တယ်....
"ဟယ် နင်..နင်..စိုင်း မဟုတ်လား..."
ဆံပင်ဖြောင့်စင်းစင်းနဲ့ ကျနော့်နဲ့ရွယ်တူလောက်ရှိမယ့် မိန်းခလေးတယောက်ရဲ့ တအံတသြမေးလိုက်သံ ကြောင့် ကျနော့်အတွေတွေ ခဏရပ်သွားပါတယ်..
"ဟုတ်ပါတယ်..ကျနော်..စိုင်း..ပါ..ခင်ဗျားက ဘယ်သူလဲ"
"ဟဲ့..ငါ့ကိုတောင်မမှတ်မိတော့ဘူးလား..ငါ...ပပ..လေဟာ"
ကျနော် တချက်တွေသွားပါတယ်..ပပ.. ဘယ်က ပပ ပါလိမ့် ...???။
ကျနော်စဉ်းစားနေတာကို စိတ်ရှည်ပုံမရတော့တဲ့ မချောက
"အ.လ.က (၈)..စတက်တုန်းက ငါ့ကို ရည်းစားစာပေးတာ နင်မေ့သွားပြီလား."
လို့ပြောလိုက်တော့မှ ..ဟုတ်ပေသားပဲ...
"အေး..မှတ်မိပြီ..နင်ကတော်တော်ပြောင်းလဲ သွားတာပဲဟ ငါဘယ်မှတ်မိမလဲ"
"အေးဟဲ့..နင်ကတော့ ငယ်ရုပ်မပျောက်ဘူး..ဒါပေမယ့် နင်လည်းပြောင်းလဲသွားပါတယ်ဟာ အရင်ကလို ပြောင်စပ်စပ် မဟုတ်တော့ဘူး..ငါတောင်စတွေ့တွေ့ချင်း ဇဝေဇ၀ါတောင်ဖြစ်သွားတယ် နောက်မှ နင့် မျက်လုံး ၂ ခုကြားက အမာရွတ်ကို တွေ့လိုက်မှ သေချာသွားတာ"
**************************
ဟုတ်ပါရဲ့ ဒီအမာရွတ်ဟာ သည်ကောင်မလေးပေးခဲ့တာပေါ့။
၎ တန်းအောင်ပြီး အ.လ.က (၈) မှာ အလည်တန်းစတက်တဲ့ အချိန်..ကျနော်ပုဆိုး စ၀တ်ရတဲ့ အခါဖြစ်သလို မုန့်ဖိုးလည်း ၁ ကျပ်စရလို့ အပျော်ကြီးပျော် နေရတဲ့ အချိန်ပေါ့...
ပပက ကျနော်နဲ့ အတန်းတူ ရပ်ကွပ်တူ တလမ်းတည်းနေတာပါ။ ကျနော်နေတဲ့ အိမ်နဲ့ ၂ အိမ်ကျော်မှာ သူ့အိမ်ဖြစ်ပြီး။ သူ့နဲ့က မူကြိုကျောင်းစတက်ကတည်းက အတူတူတက်ခဲ့တဲ့ ငယ်သူငယ်ချင်းဆိုရင် မမှားပါ ဘူး..
သူက စာကိုအော်ကြီးဟစ်ကျယ် ကျက်တတ်ပါတယ်။ ကျနော်ကတော့ စာကျက်နေရင် လူမရှိဘူးထင်လို့ အဒေါ်ဖြစ်တဲ့ အန်တီထွေးက မီးပိတ်ဖို့ အိမ်ရှေ့ခဏခဏ ထွက်လာတတ်ပြီး အိမ်ရှေ့ရောက်တော့မှ စာ ကျက်နေတဲ့ ကျနော့်ကိုတွေ့မှ အိပ်တော့လို့ ခဏခဏပြောခံရတဲ့ ကောင်ပါ။
ကျနော့်အိမ်ကတော့ ပပကိုသဘောကျပါတယ်.. ဘာလို့ဆိုတော့ သူစာကျက်နေတယ်ဆိုတာ တလမ်းလုံး သိနေအောင် အော်ကျက်တတ်လို့ပါ...။ ဒါပေမယ့် လပတ်စာမေးပွဲ အောင်စာရင်းထွက်လာရင် ကျနော်က အဆင့် ၅ ဆိုရင် သူက အဆင့် ၁၀ လောက်မှာအမြဲရှိနေတတ်ပြီး။
သူမိဘတွေကဆို ဒီကောင်လေးဉာဏ်ကောင်းတယ် စာကျက်တာလည်းမတွေ့ပေမယ့် အဆင့်ကတော့ ငါတို့ သမီး ထက်သာတယ်လို့ အမြဲပြောလေ့ရှိပါတယ်။
ကျနော်တို့ ၅ တန်းစတက်ကြတော့ ပပက A ခန်းမှဖြစ်ပြီး ကျနော်ကတော့ B ခန်းမှာပေါ့။ ဒီလိုနဲ့ ကျောင်းမှာ ဆရာကန်တော့ပွဲ လုပ်ဖို့အချိန်ရောက်လာတော့ မောင်ရွှေရိုးအက ကိုသူနဲ့ကျနော် ကဖို့ကြုံလာပါတယ် အ ကတိုက်ကြ စကြနောက်ကြနဲ့ ပျော်စရာအလွန်ကောင်းပါတယ်...
တရက်တော့ အကတိုက်ပြီး သူနဲ့ကျနော်အတူပြန်လာကြတုန်း.. ၅ လမ်းထိပ်ကိုရောက်တော့ သူ့ကို ကျနော့် နဲ့ရွယ်တူလောက်ရှိမယ့် ကောင်လေးတယောက်က ရည်းစားစကားလိုက်ပြော ပါလေရော...ကျနော်တို့နေတဲ့ ၃ လမ်းထိပ်အထိ လိုက်ပြောတာပါ... လမ်းထဲကို ချိုးဝင်တော့မှ ကောင်လေး ပြန်လှည့်သွားပါတယ်.. အဲမှာ ပြဿနာစတော့တာပါပဲ..
"ဟဲ့..နင်ကဘာသဘောလဲ"
ရုတ်တရက် ပပ ကပြောလိုက်တော့ ကျနော်လည်း အူကြောင်ကြောင်ဖြစ်သွားပါတယ်...
"ဘာလဲဟ နင်ကလဲ အဆုံးမရှိအစမရှိ"
"ဘာ အဆုံးအစ မရှိရမှာလဲ..ဟိုအကောင် ငါ့ကိုလိုက်နှောက်ယှက်နေတာ..နင်မတွေ့ဘူးလား"
"အေးလေ တွေ့တာပဲဟာ..သူကနင့်ကို ချစ်တယ်လို့ပြောတာပဲဟာ မုန်းတယ်လို့ပြောတာမှ မဟုတ်တာ"
သူတော်တော် ဒေါသထွက်သွားပုံရသွားပြီး ဘာမှဆက်မပြောတော့ပဲ ဆက်လျှောက်သွားပါတယ် သူ့အိမ်ရှေ့ ရောက်တော့မှ "နင်နောင်တ မရစေနဲ့" လို့ ပြောသွားတော့ ကျနော်လည်း နာမလည်နိုင်စွာနဲ့ပဲ အိမ်ပြန်ခဲ့ပါ တယ်။
ဒီအကြောင်းကို သူ့အကို တ၀မ်းကွဲကို ပြောပြတော့ သူအကိုက တဟား...ဟား..နဲ့ အားရအောင် ရယ်ပြီးမှ.. "ဒီကောင်မလေးက မင်းကိုကြိုက်နေတာဟ ငတုံးရ" လို့ပြောတော့မှ ကျနော်သဘော ပေါက်သွားပါတော့ တယ်...ဒါပေမယ့် ကျနော့်စိတ်ထဲမှာတော့ ဗလာပါပဲ...
ဒီလိုနဲ့ ဆရာကန်တော့ပွဲ နေ့ကိုရောက်လာပါပြီ။ ကျနော်လည်း ကရမယ့်ဝတ်စုံဝတ်ပြီး အိမ်ကထွက်ခဲ့ပါ တယ်။ အခန်းအနားအစီအစဉ်တွေ တခုပြီး တခုပြီးဆုံးသွားပြီး ကျနော်တို့ ၂ ယောက်ကရမယ့်အလှည့် ရောက်လာပါတယ်..
ထူးထူးခြားခြား ဟိုတရက်က ပြဿနာကြောင့် ကျနော့်ကိုစကားမပြောပဲ စိတ်ဆိုးနေတဲ့ပပက ပြုံးပြုံးရွှင်ရွင်နဲ့ ကျနော့်ကိုမုန့်တွေ တောင်ကျွေးလိုက်ပါသေးတယ်.. ကျနော်တို့ ၂ ယောက်ရဲ့ ဦးရွှေရိုးအကနဲ့ ပရိတ်သတ် လည် အတော်ပွဲကျသွားပါတယ်....
အခန်းအနား အစီအစဉ်တွေပြီးတော့ ကျောင်းအုပ်ဆရာကြီးက အခန်းအနားမှာ ၀ိုင်းလုပ်ပေးကြတဲ့ ကျောင်း သူ၊ ကျောင်းသားတွေကို လ္ဘက်ရည်ဆိုင်မှာ မုန့်လိုက်ကျွေးပါတယ် အဲမှာ ဇာတ်လမ်းကစ တာပါ...
ပပက ကျနော့်လက်ကို ချိတ်ပြီးလိုက်လာသလို "ငါနင့်ကို ပထမတော့ သင်ခန်းစာပေးမလို့ နောက်တော့ သနားလို့ မပေးတော့ဘူး" လို့ပြောလိုက်တော့..ကျနော်အံသြပြီး စိတ်ထဲကတော့ တွက်လိုက်ပါတယ် တခုခုတော့မှားနေပြီလို့ပေါ့။
"နေပါဦး..နင်ကငါ့ကို ဘာသနား တာလဲ"
"အန်..ငကြောက် နင်ကိုယ်တိုင်မပေးပဲ ဘာလို့ ငါ့အကို ကိုပေးခိုင်းတာလဲစာကို ငါ့ကို တိုက်ရိုက်ပေးလဲရ တာပဲဟာ"
ကျနော်ကလည်း ငအူပါ
"ငါနင့်ကို စာပေးဖို့ နင့်အကို ကိုခိုင်းတယ် ဟုတ်လား.. မပေးခိုင်းပါဘူးဟ..ဘာစာပေးရမှာလဲ"
ကျနော့်စကားလည်း ဆုံးရော သူသောက်နေတဲ့ အအေးခွက်ဖြစ်တဲ့ ငကြင်းဖန်ခွက်နဲ့ ကျနော့်မျက်နှာက အားရပါးရ ရိုက်ချလိုက် ပါတယ်...
**********************
သြော်..နှစ်တွေခြားသွားလိုက်တာ..၁၀ နှစ်ကျော်သွားပေမယ့် ကျနော့်မျက်လုံး ၂ ခုကြားကအမာရွတ်လေး နဲ့ ကျနော့်ရဲ့ ကျောင်းသားဘ၀ဟာ ဘယ်တော့မှ မေ့မသွားနိုင်တဲ့ ဒိုင်ယာရီတွေပါ...
"စိုင်း..ညနေကျရင်ငါလာခေါ်မယ်...ငါတို့သူငယ်ချင်းတွေ...လ္ဘက်ရည်ဆိုင်ထိုင်ရအောင်...နင်ဘယ်မှ မသွားနဲ့နော်"
"အေး..အေး.. နင့်အကို ကိုတော့မခေါ်လာနဲ့နော်..."
ကျနော့်စကားကြောင့် သူအတော်သဘောကျသွားပါတယ်...
"အေးပါ..အဲဆိုင်မှာလည်း..ငကြင်းဖန်ခွက်တွေ မရှိတော့ပါဘူးဟ..."
(မှတ်ချက် ၁ လမ်းထိပ်က အမိန့်ရ အရက်ဖြူဆိုင်မှာ အမြဲသောက်နေကျ ဦးစိုးကြီးလည်း ပြောင်းလဲသွားပါတယ် သူဆိုင်မန်နေဂျာ ဖြစ်သွားတာပါ)
ကြခတ် (ရင်း-၈)
Tuesday, February 16, 2010
photoby www.communigate.co.uk
No comments:
Post a Comment