Sunday, September 25, 2011

အားနဲ့ မာန်နဲ့ မြစ်တစင်း


အဲဒီမြစ်ဟာ
လယ်ကွင်းတွေကို စိမ်းလန်းစေခဲ့၊
အဲဒီမြစ်ဟာ
ဆာလောင်သူတွေကို ငြိမ်းအေးစေခဲ့၊
အဲဒီမြစ်ဟာ
သွားလိုသူတွေကို ပို့ဆောင်ပေးခဲ့၊
အဲဒီမြစ်ဟာ
နေလိုသူတွေကို
ရင်ခွင်အေးရိပ် ချွေးသိပ်စေခဲ့၊

အဲဒီမြစ်ဟာ
သူရဲ့ နှလုံးသွေးကိုမှ
သောက်ချင်တယ် ဆိုလာသူတိုင်းအတွက်
သူ့ရင်ဘတ်ကိုဖောက်
လိုသလောက် သောက်ခွင့်ပေးခဲ့။

အဲဒီမြစ်က မငြိုငြင်တိုင်း
ရလေလိုလေ အိုတစ္ဆေ ဆိုသလို
အညှာအတာ ကင်းကင်း ယူနေလေတော့
အဆီခဲနေတဲ့ သွှေးလွှတ်ကြောလို
အပိတ်အဆို့တွေ ကြားကပဲ
တစ်စစ်စစ် နာကျင်လျှက်
စီးမြဲ စီးနေလျှက်။

အဲဒီမြစ်ဟာ
သူ့တာဝန်သူ ကျေချင်တဲ့ မိခင်တစ်ယောက်လို
အသက်ငွေ့ငွေ့ ကျန်တဲ့အထိ
အားနဲ့ မာန်နဲ့ စီးဆင်းမယ့်သူ ဖြစ်ရဲ့။

တစ်နေ့ ရွှေဥ တစ်လုံး ဥတဲ့ ငန်းကို
သတ်လိုက်တဲ့ အချိန်မှာ
ဘာမှ မရတော့တဲ့ ပုံပြင်ကို သိကြရဲ့နဲ့ပဲ
အဲဒီမြစ်ကို
အပြီးတိုင် သေစေညွှန်းလို့
လိုရာယူဖို့ အတွက်များ
ကြံစည်သူတွေက ကြံစည်ရက်ပ။

အဲဒီမြစ်ဟာ
သူ့လည်မျိုကို ဖောက်ပြီး
တစ်စက်မကျန်တဲ့ အထိ
သွေးစုပ်ခံခဲ့ရရင်တောင်
သူ့ကို ချစ်မြတ်နိုးသူတွေရဲ့
မျက်ရည်စက်တွေနဲ့
အသက်ဆက်နေမယ့်
မြစ်တစ်စင်းဖြစ်ရဲ့။

သိင်္ဂါကျော်


No comments:

Post a Comment